ရော်နယ်ဒိုမပါရင် ပိုကောင်းလားဆိုတဲ့ မေးခွန်းကို ဖြေဆိုသွားခဲ့တာပါ။

ပေါ်တူဂီနည်းပြ ရောဘတ်တိုမာတီနက်ဇ်ကတော့ ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး သူ့ကိုမေးမြန်းခဲ့တဲ့ မေးခွန်းကို ပါးပါးနပ်နပ်နဲ့ ဖြေဆိုကာ ရှောင်ထွက်နိုင်ခဲ့ပါတယ်။ လူဇင်ဘတ်ကို ၉ ဂိုးပြတ်နဲ့အနိုင်ရပြီး ယူရိုခြေစစ်ပွဲအောင်မြင်ခဲ့ပြီးနောက် မာတီနက်ဇ်ဟာ ပေါ်တူဂီနည်းပြဘ၀ကို အကောင်းဆုံးတာထွက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ 

သူက ပေါ်တူဂီနည်းပြအဖြစ် ၆ ပွဲကိုင်တွယ်ထားရာမှာ ၆ ပွဲစလုံးကို အနိုင်ရထားခဲ့ပြီး သွင်းဂိုး ၂၄ ဂိုးအထိ ရရှိခဲ့ကာ ပေးဂိုးမရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ သူ့လက်ထက်မှာ ရော်နယ်ဒိုကိုလည်း ဦးစားပေးကစားသမားအဖြစ် အသုံးပြုနေခဲ့ပြီး မနေ့ညကပွဲမှာတော့ ရော်နယ်ဒိုက ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်ကစားပေးနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ 

ပွဲအပြီးအင်တာဗျူးမှာ "ရော်နယ်ဒိုမပါဝင်တဲ့အသင်းက စွမ်းဆောင်ရည်ပိုကောင်းသလား" လို့ မေးမြန်းခံခဲ့ရပါတယ်။ ဒီမေးခွန်းကို မာတီနက်ဇ်က "မဟုတ်ပါဘူး၊ ရော်နယ်ဒိုက အတွေ့အကြုံရင့်ကျက်ပြီး ကိုယ်ပိုင်ကစားဟန်ရှိတဲ့သူပါ၊ အသင်းအတွက်လည်း သူက အရမ်းအရေးပါပါတယ်၊ သူ ဝင်ကစားမယ်ဆိုရင် သေချာပေါက် ဂိုးသွင်းနိုင်မှာပါ"

"အသင်းဖော်တွေအတွက်လည်း သူ ဖန်တီးပေးနိုင်မှာ သေချာပါတယ်၊ ဒါက ဘာမှ အငြင်းပွားစရာကိုမရှိပါဘူး" လို့ ဖြေဆိုသွားခဲ့ပါတယ်။ ရော်နယ်ဒို မပါဝင်ချိန်မှာ ပေါ်တူဂီက စံချိန်တင်သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာကြောင့် သူ မပါရင် အသင်းက ပိုကောင်းလားဆိုပြီး ချောင်ပိတ်မေးခံခဲ့ရတာဖြစ်ပါတယ်။ 

မာတီနက်ဇ်ဟာ ပေါ်တူဂီနည်းပြဖြစ်လာပြီးကတည်းက ရော်နယ်ဒိုကို ပါးနပ်စွာကိုင်တွယ်နေခဲ့ပြီး ပြသနာလုံး၀မရှိအောင်လည်း လုပ်နိုင်ခဲ့ပါတယ်။ ပေါ်တူဂီသားရဲ့ စိတ်နေစိတ်ထားနဲ့ အမူအကျင့်ကို သူက သိရှိထားပြီး သူတို့နှစ်ဦးကြားမှာ ဆက်ဆံရေးကောင်းမွန်ကာ အဆင်ပြေနေတာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က