ရော်နယ်ဒိုရဲ့ မိခင် ဒိုလိုရက်စ် အေဗီရိုက သူ့သားရဲ့ လူမှုရေးကိစ္စနဲ့ ပတ်သက်တဲ့ သတင်းတွေအားလုံးက အလိမ်အညာတွေသာဖြစ်ကြောင်း ပြစ်တင်ပြောကြားလိုက်ပါတယ်။ ရော်နယ်ဒိုဟာ အတူနေချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ်နဲ့ ဆက်ဆံရေး အဆင်မပြေတော့ဘူးလို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။
ရော်နယ်ဒိုအနေနဲ့ တစ်ချိန်လုံး သူ့ရဲ့ စည်းစိမ်ဥစ္စာနဲ့ ငွေကြေးတွေကို သုံးဖြုန်းနေတဲ့ ဂျော်ဂျီနာအပေါ်ကို စိတ်ကုန်နေပြီဖြစ်ကြောင်း သတင်းဌာနအချို့က ဖော်ပြခဲ့ပါတယ်။ ဂျော်ဂျီနာဟာ ဆော်ဒီနိုင်ငံ၊ ရီယက်ဒ်မြို့မှာ နေ့တဓူဝ စျေးဝယ်ထွက်နေပြီး အချိန်ကြာလာတာနဲ့အမျှ ရော်နယ်ဒိုက ဒီအပေါ်မှာ သည်းခံနိုင်စွမ်း ကုန်ဆုံးလာတယ်လို့ ဆိုကြပါတယ်။
ဒါပေမယ့် ရော်နယ်ဒိုက သူနဲ့ ဂျော်ဂျီနာ အနမ်းချင်းဖလှယ်နေတဲ့ပုံနဲ့အတူ ပယ်ချခဲ့ပြီး အခုတစ်ခါမှာတော့ ရော်နယ်ဒိုရဲ့ မိခင်ဖြစ်သူကပါ ဝင်ရောက်ဖြေရှင်းလာခဲ့တာပါ။ အေဗီရိုက “ရော်နယ်ဒိုနဲ့ ဂျော်ဂျီနာတို့ရဲ့ သတင်းတွေအားလုံးက အလိမ်အညာတွေချည်းပါပဲ။ စုံတွဲတိုင်းက စိတ်ဆိုးလေ့ရှိကြပါတယ်။ ဒါပေမယ့် အခု သတင်းထဲမှာ ရေးနေတာတွေ အားလုံးကတော့ အလိမ်အညာတွေပါပဲ” လို့ ပြောကြားခဲ့ပါတယ်။
ဂျော်ဂျီနာကိုယ်တိုင်ကလည်း “မနာလိုဖြစ်တဲ့လူတစ်ယောက်က ဒီကောလာဟလကို တီထွင်ခဲ့ပြီး အတင်းပြောတဲ့သူတွေက ဒါတွေကို ဖြန့်ပါတယ်။ အရူးတွေကတော့ ယုံကြတာပေါ့” လို့ တုံ့ပြန်ခဲ့ဖူးကြောင်းလည်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ရော်နယ်ဒိုနဲ့ ဂျော်ဂျီနာတို့ဟာ သားသမီးရင်သွေးတွေ ထွန်းကားနေသည့်တိုင် အခုချိန်အထိ မင်္ဂလာပွဲ ကျင်းပရခြင်းမရှိသေးပါဘူး။
ရော်နယ်ဒိုကတော့ ပီယာ့စ်မော်ဂန်နဲ့ အင်တာဗျူးမှာ မကြာခင် မင်္ဂလာပွဲကျင်းပမယ်လို့ ပြောကြားခဲ့ဖူးပေမယ့် အချိန်ကာလကြာမြင့်တဲ့အထိ အကောင်အထည်မပေါ်လာသေးပါဘူး။ ဒီလိုအချိန်မျိုးမှာပဲ အချိန်ကိုက်အနေနဲ့ အခုလိုမျိုး ရော်နယ်ဒိုနဲ့ ဂျော်ဂျီနာတို့ လမ်းခွဲတော့မယ်လို့ ကောလာဟလတွေ ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။