ရော်နယ်ဒိုရဲ့ ချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ်ဟာ လက်ရှိအချိန်မှာ အမြွှာကိုယ်ဝန် လွယ်ထားရပြီဖြစ်ပြီး လာမယ့် ဧပြီ ဒါမှမဟုတ် မေအတွင်းမှာပဲ မီးဖွားဖို့ရှိနေပါတယ်။ ဒီလိုအချိန်မှာပဲ သူ့အတွက် စိတ်အနှောင့်အယှက်ဖြစ်စရာ အင်တာဗျူးတခုကို ဂျော်ဂျီနာရဲ့ ဦးလေးက ပြုလုပ်ခဲ့ပါတယ်။
အသက် (၂၈) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျော်ဂျီနာက သူ့အနေနဲ့ သူကြီးပြင်းလာရာ မိသားစုကို ဘယ်တုန်းကမှ မမေ့လျော့ခဲ့ဖူးဘူးလို့ ပြောကြားခဲ့ဖူးပေမယ့် ဦးလေးဖြစ်သူ ဂျေးဆုဟာနန်ဒက်ဇ်ကတော့ တူမရဲ့ အကြောင်းတွေကို လူသိရှင်ကြား ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဂျော်ဂျီနာရဲ့ ဖခင်ဟာ ပေါင် (၁) သိန်းတန်ဖိုးရှိတဲ့ ကိုကင်းတွေနဲ့ လက်ဝယ်ဖမ်းဆီးခံရတာကြောင့် ထောင်ချခံခဲ့ရပြီး ဂျေးဆုဟာနန်ဒက်ဇ်က “ဂျော်ဂျီနာရဲ့အဖေ ထောင်ထဲရောက်နေချိန်မှာ ကျနော်တို့ သူ့ကိုခေါ်လာခဲ့ရတာပါ။ ဒါပေမယ့် ဂျော်ဂျီနာကတော့ ကျနော်တို့နဲ့ပတ်သက်လို့ ရှက်ကောင်းရှက်နေမှာပါ။ နောက်ပြီး သူက ကျနော်တို့ဘဝထက် ပိုကောင်းတယ်လို့လည်း တွေးနေမှာပေါ့ဗျာ”
“ကျနော်တို့က သူ့ဆီကနေ ဘာဆို ဘာမှ မတောင်းဆိုခဲ့ပါဘူး။ သူ ရော်နယ်ဒိုနဲ့ တွဲခုတ်နေပြီဆိုတည်းက ကျနော်တို့ဆီက တခါလား၊ နှစ်ခါလားပဲ ဖုန်းဆက်ဖူးပါတယ်။ ရော်နယ်ဒိုကို တွေ့ပြီးနောက်ပိုင်း သူ ကျနော်တို့ကို မေ့သွားခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဂျော်ဂျီနာနဲ့ ညီအမအဖြစ် သွေးသားတဝက်တော်စပ်တဲ့ အသက် (၃၃) နှစ်အရွယ် ပက်ထရစ်ရှာကလည်း “ကျမ သားလေး မွေးနေ့တုန်းက ရော်နယ်ဒို လက်မှတ်ထိုးထားတဲ့ တီရှပ်လေး ရနိုင်မလားလို့ ဂျော်ဂျီနာကို မေးခဲ့ပေမယ့် သူကတော့ ငြင်းဆန်ခဲ့ပါတယ်။ နောက်ပြီး ရော်နယ်ဒိုက အဲ့ဒီအချိန်မှာ အားလပ်ရက်ဖြစ်နေလို့ မနှောင့်ယှက်ချင်ဘူးဆိုပြီးလည်း ပြောပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဂျော်ဂျီနာဟာ အကမယ်နဲ့ မော်ဒယ်လ်တယောက်အဖြစ်လည်း အသက်မွေး၊ စပိန်နိုင်ငံက Gucci စတိုးဆိုင်မှာလည်း အလုပ်ဝင်လုပ်ရင်းနဲ့ အဲ့ဒီအချိန်မှာ စျေးဝယ်ထွက်လာတဲ့ ရော်နယ်ဒိုနဲ့ ဆုံတွေ့ခဲ့တဲ့နော် ဂျော်ဂျီနာရဲ့ဘဝက အလုံးစုံကို ပြောင်းလဲသွားခဲ့တာလည်း ဖြစ်ပါတယ်။