ရော်နယ်ဒိုနေခဲ့တဲ့အိမ်မှာ ဗလာဟိုဗစ် ဆက်လက်နေထိုင်မှာပါ။

မနေ့က ပြီးဆုံးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့မှာ ဂျူဗင်တပ်စ်က ဖီအိုရင်တီးနား တိုက်စစ်မှူး ဒူဆန်ဗလာဟိုဗစ်ကို ယူရို (၇၅) သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီး ဗလာဟိုဗစ်က ရော်နယ်ဒိုရဲ့ ကျောနံပါတ် (၇) ကို ဝတ်ဆင် ကစားသွားမှာဖြစ်ပါတယ်။ ဗလာဟိုဗစ်ကိုခေါ်ယူဖို့ အာဆင်နယ်တို့ အစောတည်းက ကြိုးစားခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က ဂျူဗင်တပ်စ်ကို လိုလိုချင်ချင်နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။



ဗလာဟိုဗစ်ဟာ စီးရီးအေမှာ ရော်နယ်ဒိုရဲ့ ဂိုးသွင်းစံချိန်ကိုလည်း ချိုးဖျက်နိုင်ခဲ့ပြီး ရော်နယ်ဒိုရဲ့နေရာကိုဝင်လာ၊ ရော်နယ်ဒိုကျောနံပါတ်ကို ယူထားတဲ့အပြင် တူရင်မြို့မှာလည်း ရော်နယ်ဒိုနေထိုင်ခဲ့တဲ့ ရဲတိုက်သဖွယ် ခမ်းနားခဲ့တဲ့ နေအိမ်မှာပဲ ငှားရမ်းနေထိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရှိရပါတယ်။

လက်ရှိအချိန်မှာ ဗလာဟိုဗစ်ရဲ့ အိမ်အသစ်ကို ပြင်ဆင်ထားတဲ့ ပုံရိပ်တွေ ထွက်ပေါ်လာခဲ့ပြီး အဲ့ဒီအထဲမှာ ဗလာဟိုဗစ်ရဲ့ စိတ်ကြိုက်ဇာတ်ကောင်ဖြစ်တဲ့ စပိုက်ဒါမန်း Wallpaper ကိုပါ တပါတည်း ထည့်သွင်း အလှဆင်နေတာလည်း ဖြစ်ပါတယ်။

ဒီအိမ်ကိုတော့ ဗီလာအိမ်နှစ်လုံး ပေါင်းစပ်ထားပြီး အဲ့ဒီနောက်မှာတော့ လုံခြုံရေးတွေချထားတဲ့ ကိုယ်ပိုင်သီးသန့်လမ်းတလမ်း ပါဝင်ပါတယ်။ ဒီအိမ်အတွက် ဝင်ပေါက်သပ်သပ်စီ ခွဲခြားသတ်မှတ်ထားပြီး ဥယျာဥ်နဲ့ တနိုင်တပိုင် အသီးအနှံတွေ စိုက်ပျိုးလို့ရတဲ့ နေရာတွေလည်း ပါဝင်ပါတယ်။

အဝေးကလှမ်းကြည့်လိုက်မယ်ဆိုရင် ဒီအိမ်က သစ်ပင်တွေနဲ့ ဝန်းရံထားတဲ့နေရာမှာ တည်ရှိပြီး ကိုယ်ပိုင်လွတ်လပ်ခွင့် အပြည့်အဝရရှိတဲ့နေရာမှာ ဆောက်လုပ်ထားတာလည်းဖြစ်ပါတယ်။

ရော်နယ်ဒိုနေထိုင်ချိန်တည်းက ရှိခဲ့တဲ့ အမိုက်စားရေကူးကန်တကန်လည်း အိမ်ထဲမှာပါရှိပြီး ဒီအိမ်ကြီးက လူသိများကျော်ကြားတဲ့ The Great Mother လို့ခေါ်တဲ့ ဘုရားကျောင်းနဲ့ မဝေးတဲ့ နေရာမှာ ရှိတယ်လို့လည်း သိရှိရပါတယ်။ 

Share

က္က