အဲရစ်ဆင်မပါဝင်နိုင်တာက ယူနိုက်တက်ရဲ့ ကစားပုံကို သက်ရောက်မှုရှိစေတယ်လို့ ပြောရရင် မလွန်ပါဘူး။ ဖရက်ဒ်က ထုံးစံအတိုင်း အလွဲလွဲအမှားမှားတွေဖြစ်နေပြီး တိုက်စစ်မှာ ရော်နယ်ဒိုကို ပွဲထုတ်လာတာကလည်း အချို့နေရာတွေမှာ အသင်းရဲ့ကစားပုံကို အဟန့်အတားဖြစ်စေခဲ့ပါတယ်။
တွဲလုံးနဲ့ ရှေ့ကို ချိတ်တက်နေချိန်မှာ ရော်နယ်ဒိုကြောင့် နှစ်ခါလောက် ကစားကွက်ဆိုင်းသွားခဲ့တာကိုလည်း ပရိသတ်တွေ မြင်တွေ့ခဲ့ရမှာပါ။ ဒီပွဲမှာ ရော်နယ်ဒိုက ဆန်ချို၊ အန်တိုနီတို့နဲ့ တွဲဖက်ပြီး ပွဲထွက်ခဲ့တာပါ။ နောက်တန်းမှာတော့ လုခ်ရှော ပါဝင်လာပြီး ကျန်တဲ့နေရာတွေမှာတော့ အပြောင်းအလဲမရှိခဲ့ပါဘူး။ နယူးကာဆယ်ကလည်း ထရစ်ပီယာ၊ ဂွီမာရက်စ်၊ ဂျိုလင်တန်၊ အယ်လ်မီရွန်၊ ကော်လမ်ဝီလ်ဆင်တို့နဲ့ အမာခံ ပွဲထွက်ခဲ့ပါတယ်။
ယူနိုက်တက်ကစားပုံက အရင်ပွဲတွေနဲ့မတူဘဲ တော်တော်ပျက်နေခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်၊ ဖရက်ဒ်၊ ကက်စ်မဲရိုးတို့ရဲ့ ကွင်းလယ်က ဧည့်သည်ကို အသာစီးမယူနိုင်ခဲ့ပါဘူး။ ဒီဂီယာ လက်စွမ်းပြခဲ့ရတဲ့ အခိုက်အတန့်ရှိခဲ့သလို ဂျိုလင်တန်ရဲ့ နှစ်ကြိမ်ဆက်တိုက် ခေါင်းတိုက်ချက် တိုင်ထိထွက်ခဲ့တာကလည်း ယူနိုက်တက်ကို သက်သာစေခဲ့ပါတယ်။ ပထမပိုင်းမှာ နှစ်သင်းလုံး ဂိုးမသွင်းနိုင်ခဲ့သလို ယူနိုက်တက်ရဲ့ ကစားပုံကလည်း တော်တော်လေး ပျင်းဖို့ကောင်းပါတယ်။
ဒုတိယပိုင်းမှာတော့ ပွဲက တော်တော်လေးမြိုင်လာခဲ့ပြီး ယူနိုက်တက်က အခွင့်အရေးတွေ ဆက်တိုက်ဖန်တီးခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုရဲ့ သွင်းဂိုးတဂိုး လူကျွံနေခဲ့သလို ဒီလူကျွံဘောမှာ နယူးကာဆယ်နောက်တန်းနဲ့ ဂိုးသမား နစ်ပုပ်တို့အကြား နားလည်မှုလွဲခဲ့တာကို အပိုင်အခွင့်အရေးဝင်ယူခဲ့တဲ့ ရော်နယ်ဒိုလည်း နောက်တဂိုးထပ်သွင်းနိုင်ခဲ့ပေမယ့် ဒိုင်က ဂိုးမပေးဘဲ အဝါကတ်ပြသခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်းမှာ ယူနိုက်တက်တိုက်စစ်လည်း အရှိန်ကျသွားပြီး နယူးကာဆယ်ကတောင် ပြန်လည်ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နယူးကာဆယ်ဘက်ကကလည်း အပိုင်အခွင့်အရေးရယ်လို့ မဖန်တီးနိုင်ခဲ့ဘဲ အမြင့်ဘောတွေနဲ့ပဲ ဒုက္ခပေးဖို့ ကြိုးစားနေခဲ့တာပါ။ ရော်နယ်ဒိုနေရာ ရပ်ရှ်ဖို့ဒ်လည်း ဝင်ကစားခဲ့ပြီး ပွဲပြီးခါနီးမှာ ဖရက်ဒ်နဲ့ ရပ်ရှ်ဖို့ဒ်တို့ အပိုင်အခွင့်အရေးတွေကို လွဲချော်ခဲ့တာကြောင့် ယူနိုက်တက်တို့ ဒီရာသီ ပထမဆုံးသရေပွဲနဲ့ ရင်ဆိုင်လိုက်ရပါတယ်။