ပီအက်စ်ဂျီက သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ရိုးမားနဲ့အတူ ကွန်ဖရင့်လိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် မော်ရင်ဟိုရဲ့ ရွှေရောင်နေ့ရက်တွေ ပြန်လည်ရောက်ရှိဖို့က နီးစပ်လာခဲ့ပြီဖြစ်ပါတယ်။ နာမည်ကျော်ကလပ်အသင်းတွေမှာ နည်းပြအဖြစ်နဲ့ ကိုင်တွယ်ခဲ့ပြီးနောက် အောင်မြင်မှုတွေမှေးမှိန်နေခဲ့ရတဲ့ မော်ရင်ဟိုဟာ အီတလီကလပ်ရိုးမားကို ကိုင်တွယ်တဲ့ ပထမဆုံးနှစ်မှာပဲ ဥရောပအဆင့်ဖလားတလုံးကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ 

အခုအခါမှာ ပီအက်စ်ဂျီက ပိုချက်တီနိုနေရာမှာအစားထိုးဖို့အတွက် မော်ရင်ဟိုကို မျက်စိကျနေပြီး ကမ်းလှမ်းမှုတွေပြုလုပ်ဖို့ စဉ်းစားနေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ လီဂူးဖလားကို ပိုချက်တီနိုက ဆွတ်ခူးပေးခဲ့ပေမယ့် ဥရောပအဆင့်အောင်မြင်မှုကို ရယူချင်နေတဲ့ ပီအက်စ်ဂျီက ချန်ပီယံလိဂ်ဖလားကို ပေါ်တို၊ အင်တာမီလန်တို့အတွက် ဆွတ်ခူးပေးခဲ့တဲ့ မော်ရင်ဟိုကို စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။ 

ဒါဟာ ရိုးမားလို ကစားသမားကောင်းအနည်းငယ်သာရှိတဲ့အသင်းကို ယူရိုပါကွန်ဖရင့်လိဂ်မှာ ဗိုလ်စွဲနိုင်အောင် တည်ဆောက်ပေးနိုင်ခဲ့တဲ့ မော်ရင်ဟိုရဲ့ စွမ်းဆောင်ရည်တွေကြောင့်ဖြစ်ပါတယ်။ သူတို့အသင်းမှာ ရှိနေတဲ့ ကစားသမားအင်အားစုကို မော်ရင်ဟိုကသာ ကွပ်ကဲပေးမယ်ဆိုရင် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်လိမ့်မယ်လို့ ပြင်သစ်ကလပ်ဘက်က တွေးမြင်ယူဆနေတယ်လို့လည်း သိရပါတယ်။ 

ဇီဒန်းကိုလည်း နည်းပြအဖြစ်ခန့်အပ်ဖို့ ပီအက်စ်ဂျီက စိတ်ဝင်စားနေပေမယ့် ဒက်ချမ့်စ်ရဲ့ ပြင်သစ်လက်ရွေးစင်နည်းပြရာထူးကို ကမ္ဘာ့ဖလားအပြီးမှာ ဇီဒန်းက ရယူဖွယ်ရှိနေလို့လည်း မော်ရင်ဟိုအတွက် အခွင့်အလမ်းပေါ်ပေါက်လာခဲ့တာပါ။ ရိုးမားမှာ မော်ရင်ဟို ပျော်ရွှင်နေပေမယ့် ဥရောပဘောလုံးလောကရဲ့ ထိပ်တန်းအသင်းတသင်းမှာ နောက်တကြိမ်ပြန်တာဝန်ယူရမယ့် အလားအလာက မော်ရင်ဟိုကို ရောမကထွက်ခွာဖို့ သွေးဆောင်နိုင်ဖွယ်ရာလည်းရှိနေပါတယ်။ 

မက်ဆီ၊ ဘတ်ပီ၊ နေမာ၊ ရာမို့စ်၊ မာကွင်ဟို့စ်၊ ဒွန်နာရမ်မာတို့လို နာမည်ကျော်ကစားသမားတွေနဲ့အတူ လက်တွဲရမယ်ဆိုတာကလည်း မော်ရင်ဟိုကို စိတ်ဝင်စားစေနိုင်ပါတယ်။ ပီအက်စ်ဂျီနည်းပြအဖြစ်သာ သူ ကိုင်တွယ်ခဲ့မယ်ဆိုရင်တော့ ဒါဟာ ယူနိုက်တက်နည်းပြဘ၀နောက်ဆုံးအချိန်တွေကစလို့ ပထမဆုံးအကြိမ်အဖြစ် ကြီးမားတဲ့ ကမ္ဘာ့အဆင့်အင်အားစုကစားသမားတွေကို သူ ပြန်လည်ပြီး ထိန်းကျောင်းနိုင်မှုလည်းဖြစ်လာတော့မှာပါ။ 

Share

က္က