ယူနိုက်တက်ဂိုးသမားဟောင်း ဒီဂီယာဟာ ဆော်ဒီကလပ် အယ်လ်နာဆာရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပေမယ့် ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရှိရပါတယ်။ ဒီဂီယာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအကုန်မှာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တာပါ။
ဒါပေမယ့်လည်း လက်ရှိအချိန်အထိ အသင်းသစ် မရရှိသေးပါဘူး။ ဒီဂီယာက သူ့အတွက် အသင်းကြီးတစ်သင်းက သင့်တော်တဲ့ ကမ်းလှမ်းမှုမရရှိခဲ့ရင် ကစားသမားဘဝကနေ အနားယူဖို့အထိပါ စီစဉ်ထားကြောင်း သတင်းတွေက ဆိုပါတယ်။
အခု ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ရော်နယ်ဒို ကစားနေတဲ့ အယ်လ်နာဆာဟာ ဒီဂီယာကို တစ်ပတ်လုပ်ခ ပေါင် (၅) သိန်း တန်ကြေးရှိတဲ့ စာချုပ်တစ်ရပ်နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားဘက်က ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရှိရပါတယ်။ အကြောင်းရင်းကတော့ ဒီဂီယာရဲ့ ဇနီးသည်က ဆော်ဒီအာရေဗျနိုင်ငံကို ပြောင်းရွှေ့နေထိုင်လိုခြင်း မရှိတာကြောင့်ပါ။
ဒီဂီယာအနေနဲ့ အယ်လ်နာဆာကိုသာ ပြောင်းရွှေ့ဖြစ်ခဲ့ရင် ယူနိုက်တက်အသင်းဖော်ဟောင်း ရော်နယ်ဒိုနဲ့ တစ်သင်းတည်း တွဲကစားခွင့်ရရှိမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမားကိုယ်တိုင်က ဇနီးသည်ရဲ့ ဆန္ဒကို လိုက်လျောခဲ့တာပါ။
ဒါပေမယ့်လည်း မက်ဆီ ကစားနေတဲ့ အင်တာမိုင်ယာမီက ဒီဂီယာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရှိရပါတယ်။ ဒီဂီယာကတော့ အယ်လ်နာဆာထက် အယ်လ်ဘာ၊ ဘူးစကွက်စ်တို့လို စပိန်အသင်းဖော်ဟောင်းတွေရှိနေတဲ့ အမေရိကန်မြေကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားဖွယ်ရှိပါတယ်။