စပို့တင်းလစ္စဘွန်းကစားသမားတွေဟာ တနင်္ဂနွေနေ့ညက ဖာမာလီကာအိုကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ရော်နယ်ဒိုရဲ့လိုဂိုပါဝင်တဲ့ ဂျာစီတွေကို ဝတ်ဆင်ကစားသွားခဲ့ကြပါတယ်။ ကစားသမားတွေရဲ့ ရင်ဘတ်နေရာမှာ CR7 ဆိုတဲ့ စာတန်းပါဝင်တဲ့ အထူးသီးသန့်ဂျာစီတစ်ထည်ကို စပို့တင်းလစ္စဘွန်းတို့ ဒီရာသီမစခင်မှာ မိတ်ဆက်ပေးခဲ့ပါတယ်။
အခု ပွဲကစားချိန်မှာလည်း အမှန်တကယ် ဝတ်ဆင်ခဲ့တာဖြစ်ပြီး ဒါက သူတို့ရဲ့ အကယ်ဒမီထွက်ဟောင်း ရော်နယ်ဒိုကို ဂုဏ်ပြုခဲ့တာလည်း ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ စပို့တင်းလစ္စဘွန်းကတစ်ဆင့် ယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်တို့ကို အဆင့်ဆင့်ပြောင်းရွှေ့ခဲ့ပြီး ကစားသမားဘဝမှာ အောင်မြင်မှုအလီလီ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
အခုလို ဂုဏ်ပြုပေးချိန်ကလည်း ရော်နယ်ဒို စပို့တင်းလစ္စဘွန်းအတွက် နောက်ဆုံးပွဲကို ကစားပေးခဲ့တဲ့ နှစ် (၂၀) ပြည့် ဖြစ်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ စပို့တင်းလစ္စဘွန်းရဲ့ အိမ်ကွင်းသစ် ပထမဆုံးပွဲအဖြစ် ယူနိုက်တက်နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ပါဝင်ကစားပေးခဲ့ပါတယ်။
အဲ့ဒီခြေစမ်းပွဲမှာ ယူနိုက်တက်ရဲ့ စီနီယာကစားသမားတွေအပါအဝင် ဂန္တဝင်နည်းပြကြီး ဖာဂူဆန်ကပါ ရော်နယ်ဒိုရဲ့ ခြေစွမ်းကို ကြိုက်နှစ်သက်ခဲ့ကြပြီး ရော်နယ်ဒိုကို အရခေါ်ယူသွားခဲ့ကြတာဖြစ်ပါတယ်။ စပို့တင်းလစ္စဘွန်းကတော့ CR7 လိုဂိုပါဝင်တဲ့ ဂျာစီကို အခုနှစ် ဘောလုံးရာသီတစ်ခုလုံးမှာ ဝတ်ဆင်ကစားပေးသွားမယ်လို့ သိရှိရပါတယ်။
ရော်နယ်ဒိုဟာ လက်ရှိမှာတော့ ဆော်ဒီကလပ် အယ်လ်နာဆာမှာ ကစားနေပြီး အာရှမြေမှာပဲ ကစားသမားဘဝကို အဆုံးသတ်သွားဖွယ်ရှိပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒိုရဲ့အမေဖြစ်သူကတော့ သူ့သားကို စပို့တင်းလစ္စဘွန်းမှာ ကစားတာ ပြန်လည်မြင်တွေ့လိုကြောင်းနဲ့ ရော်နယ်ဒိုရဲ့ ကစားသမားဘဝကို စပို့တင်းလစ္စဘွန်းမှာ အဆုံးသတ်စေလိုကြောင်း ပြောကြားဖူးပါတယ်။