ချူအာမန်နီက ပီရက်ဇ်နဲ့တွေ့ချိန်မှာ ပြောကြားလိုက်တာပါ။

မနေ့က ရီးရဲလ်မက်ဒရစ်ရဲ့ တရားဝင်ကစားသမားဖြစ်လာတဲ့ ချူအာမန်နီက သူ့အနေနဲ့ အသင်းဥက္ကဌ ပီရက်ဇ်နဲ့ တွေ့ဆုံချိန်မှာ အသင်းရဲ့ဆုဖလားပြခန်းကို ထပ်မံတိုးချဲ့ဖို့ ပြောကြားထားတယ်လို့ ဖွင့်ဟလိုက်ပါတယ်။ ဒီကစားသမားလေးဟာ ရီးရဲလ်မက်ဒရစ်နဲ့ (၆) နှစ် စာချုပ်ချုပ်ဆိုခဲ့ပြီး ကျောနံပါတ် (၁၈) ကို ဝတ်ဆင်ကစားသွားမှာပါ။



ဒီကစားသမားအတွက် ရီးရဲလ်မက်ဒရစ်တို့ ယူရိုသန်း (၁၀၀) နီးပါး အသုံးပြုရဖို့ရှိပြီး ပီအက်စ်ဂျီနဲ့အပြိုင် ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ချူအာမန်နီကို အမ်ဘာပေက ပြင်သစ်လက်ရွေးစင်မှာ စည်းရုံးခဲ့သေးပေမယ့် ကစားသမားကိုယ်တိုင်ကတော့ ရီးရဲလ်မက်ဒရစ်ကိုသာ ရွေးချယ်ပြီး ဘာနေဗျူးကို ရောက်ရှိလာခဲ့တာပါ။

ချူအာမန်နီဟာ မနေ့က ဆေးစစ်ပြီးနောက် တရားဝင်စာချုပ်ပါချုပ်ဆိုခဲ့တာဖြစ်ပြီး ပီရက်ဇ်နဲ့တွေ့ဆုံချိန်မှာ ပြောဖြစ်ခဲ့တဲ့အကြောင်းအရာတွေကိုလည်း မီဒီယာတွေဆီ ဖွင့်ဟခဲ့ပါတယ်။ ချူအာမန်နီက “ကျနော် အသင်းဥက္ကဌ ပီရက်ဇ်နဲ့တွေ့တော့ ဆုဖလားပြခန်းကို အခုထက် ပိုမိုကြီးမားအောင် ချဲ့ထားဖို့ ပြောခဲ့ပါတယ်။ ကျနော်တို့ နောက်ထပ် ဆွတ်ခူးစရာ ဆုဖလားတွေရှိသေးတယ်လေ” လို့ ပြောကြားသွားခဲ့ပါတယ်။

အသက် (၂၂) နှစ်အရွယ်သာရှိသေးတဲ့ ဒီကစားသမားလေးဟာ မိုနာကိုအတွက် အဓိက,ကစားသမားဖြစ်ခဲ့ပြီး ပြင်သစ်လက်ရွေးစင်မှာလည်း ရွေးချယ်ခံနေရပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ သူတို့အတွက် (၁၄) ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဥက္ကဌ ပီရက်ဇ်ကလည်း အသင်းအနေနဲ့ (၁၅) ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးဖို့ အိပ်မက်မက်နေပြီဖြစ်ကြောင်း၊ ဒီအတွက် ချူအာမန်နီက ကူညီပေးမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ လက်ရှိနွေရာသီမှာ ချဲလ်ဆီးနောက်ခံလူ ရူဒီဂါကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားပါသေးတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က