ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင် တိုက်စစ်မှူး ဘန်ဇီမာက ရော်နယ်ဒိုထွက်သွားခဲ့တာဟာ သူ့အတွက် ပြောင်းလဲမှုတွေဖြစ်စေခဲ့ကြောင်း ဝန်ခံလိုက်ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ (၂၀၁၈) မှာ ရီးရဲလ်မက်ဒရစ် ကစားသမားဘဝ (၉) နှစ်တာခရီးကို အဆုံးသတ်ပြီး ဂျူဗင်တပ်စ်ထံ ပြောင်းရွှေ့ခဲ့ပါတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီမှာတော့ ဘန်ဇီမာက အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြကာ ပြိုင်ပွဲစုံသွင်းဂိုး (၄၄) ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ်တို့ လာလီဂါ၊ စပိန်စူပါဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ ဆွတ်ခူးနိုင်ခဲ့တဲ့နေရာမှာလည်း ဘန်ဇီမာရဲ့ စွမ်းဆောင်ရည်နဲ့ သွင်းဂိုးတွေက အဓိကကျခဲ့ပါတယ်။
ဒီကနေ့ညမှာတော့ ရီးရဲလ်မက်ဒရစ်ဟာ နောက်ထပ်ဆုဖလားမျှော်လင့်ချက်အဖြစ် ယူရိုပါလိဂ်ချန်ပီယံ ဖရန့်ဖတ်နဲ့ ဥရောပစူပါဖလားဗိုလ်လုပွဲကို ကစားရမှာပါ။ ဒီပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ဘန်ဇီမာက “ရော်နယ်ဒို ရီးရဲလ်မက်ဒရစ်ကနေ ထွက်သွားတည်းက ကျနော့်အတွက် ကွဲပြားခြားနားမှုတွေရှိခဲ့ပါတယ်။ ကျနော် ဂိုးတွေအများကြီး ပိုသွင်းနိုင်ခဲ့တာ မှန်ပါတယ်”
“ဒါပေမယ့် ရော်နယ်ဒို ဒီမှာရှိနေရင်လည်း ကျနော်တို့က မတူညီတဲ့ ကစားဟန်ရှိကြပါတယ်။ သူရှိခဲ့တုန်းကလည်း ကျနော်က ဂိုးဖန်တီးမှုတွေ ပိုမိုပြုလုပ်နိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုက ကျနော့်ကို ကွင်းတွင်း၊ ကွင်းပြင်မှာ တကယ်ကို ကူညီပေးခဲ့တာပါ။ ဒါပေမယ့် အဲ့ဒီအချိန်တည်းက ကျနော်က ပိုမိုစွမ်းဆောင်ပြနိုင်တယ်ဆိုတာကို သိခဲ့ပါတယ်”
“ရော်နယ်ဒိုထွက်သွားချိန်မှာတော့ ကျနော့်ရဲ့ပွဲတွေ၊ ရည်မှန်းချက်တွေကို အပြောင်းအလဲလုပ်ဖို့ အချိန်ရောက်လာခဲ့ပြီး လက်ရှိအခိုက်အတန့်မှာ ဒါတွေကို ကျနော် အကောင်းဆုံးလုပ်ပြနေပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဘန်ဇီမာဟာ ပြီးခဲ့တဲ့ရာသီတလျှောက် ပြသခဲ့တဲ့ခြေစွမ်းတွေကြောင့်လည်း ဒီနှစ်ဘလွန်းဒီအော်ဆုကို ဆွတ်ခူးနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေခဲ့ပါတယ်။