ပြက္ခဒိန်တနှစ်အတွင်းမှာ သူက စီးရီးအေပွဲပေါင်း ၄၀ အထိကစားပေးထားရာမှာ ဂိုးပေါင်း ၃၀ အထိ သွင်းယူကာ ခြေစွမ်းပြထားနိုင်ခဲ့ပြီး ထိပ်တန်းအသင်းတွေရဲ့ ပစ်မှတ်လည်းဖြစ်လာခဲ့ပါတယ်။
ဖီအိုရင်တီးနားအတွက် ခြေစွမ်းပြနေတဲ့ ဆာဘီးယားတိုက်စစ်မှူးဗလာဟိုဗစ်ဟာ ရော်နယ်ဒိုရဲ့ စီးရီးအေဂိုးသွင်းစံချိန်ကို လိုက်မီဖို့အတွက် တော်တော်လေးနီးစပ်နေပြီဖြစ်ပါတယ်။ ပြက္ခဒိန်တနှစ်အတွင်းမှာ သူက စီးရီးအေပွဲပေါင်း ၄၀ အထိကစားပေးထားရာမှာ ဂိုးပေါင်း ၃၀ အထိ သွင်းယူကာ ခြေစွမ်းပြထားနိုင်ခဲ့ပြီး ထိပ်တန်းအသင်းတွေရဲ့ ပစ်မှတ်လည်းဖြစ်လာခဲ့ပါတယ်။
ဒီရာသီမှာလည်း စီးရီးအေ ၁၆ ပွဲမှာ ၁၃ ဂိုးအထိ ဗလာဟိုဗစ်က ရရှိထားကာ လာမယ့်တနင်္ဂနွေနေ့ကစားရမယ့် ဘိုလော့ဂ်နာနဲ့ပွဲမှာ ဂိုးထပ်သွင်းနိုင်ခဲ့မယ်ဆိုရင် ဟီဂူအင် နဲ့ ခရက်စပိုတို့ရဲ့ ပြက္ခဒိန်တနှစ်အတွင်း စီးရီးအေသွင်းဂိုးစံချိန်ကို လိုက်မီတော့မှာလည်းဖြစ်ပါတယ်။ ပိုပြီးစိတ်ဝင်စားစရာကောင်းတာကတော့ ရော်နယ်ဒိုရဲ့ ပြက္ခဒိန်တနှစ်အတွင်း စံချိန်ကိုလိုက်မီဖို့က ၃ ဂိုးသာ လိုအပ်နေတော့တာပါ။
၂၀၂၀ ခုနှစ်အတွင်းမှာ ရော်နယ်ဒိုက ဂျူဗီအတွက် စီးရီးအေသွင်းဂိုး ၃၃ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ဒါဟာ စီးရီးအေသမိုင်းမှာ ပြက္ခဒိန်တနှစ်အတွင်း ဂိုးအများဆုံးသွင်းယူနိုင်တဲ့ စံချိန်ဖြစ်ခဲ့ပါတယ်။ ဗလာဟိုဗစ်အတွက်တော့ ရော်နယ်ဒိုရဲ့စံချိန်ကို ကျော်ဖြတ်နိုင်ဖို့ပါ အခွင့်အရေးရှိနေတာဖြစ်ပြီး ဒီဇင်ဘာလမကုန်ခင်မှာ နောက်ထပ် သွင်းဂိုး ၄ ဂိုးသာ ရရှိဖို့ လိုအပ်တော့တာလည်းဖြစ်ပါတယ်။
ဖီအိုရင်တီးနားနဲ့ ၂၀၂၃ ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဗလာဟိုဗစ်ကို အာဆင်နယ်၊ မန်စီးတီး၊ စပါး၊ လီဗာပူးလ်တို့က စိတ်ဝင်စားနေတယ်လို့ သိရပြီး အခုအခါမှာ မန်ချက်စတာယူနိုက်တက်ကလည်း စောင့်ကြည့်နေတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ ပေါင်သန်း ၇၀ တန်ကြေးရှိတယ်လို့ သတ်မှတ်ခံထားရတဲ့ ဗလာဟိုဗစ်ဟာ ဖီအိုရင်တီးနားကနေ သေချာပေါက်ထွက်ခွာဖို့ရှိနေတာလည်းဖြစ်ပါတယ်။
အရပ် ၆ ပေနဲ့ ၂ လက်မမြင့်မားတဲ့ တိုက်စစ်မှူးဟာ နည်းစနစ်ပိုင်းထူးချွန်ပြီး အံ့အားသင့်ဖွယ်ရာ ဘောလုံးထိချက်တွေနဲ့ ဂိုးသွင်းယူနေတာလည်းဖြစ်ပါတယ်။ ခန္ဓာကိုယ်ပိုင်းတည်ဆောက်မှုကလည်း တိုက်စစ်မှူးတဦးပီသပြီး ဇလာတန်လက်သစ်လို့ တင်စားခံနေရသူလည်းဖြစ်ပါတယ်။