ရော်နယ်ဒိုက လက်ရှိမှာ မိသားစုနဲ့အတူ အနားယူနေတာပါ။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ နွေရာသီအားလပ်ရက်အဖြစ် အနားယူအပန်းဖြေနေတဲ့ ဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာပေါ်မှာ မျှဝေခဲ့ပါတယ်။ အပေါ်ပိုင်းဗလာကျင်းနဲ့ ဘောင်းဘီတိုဝတ်ဆင်ထားတဲ့ ရော်နယ်ဒိုရဲ့ အဆိုပါပုံမှာ မျက်စိလျင်တဲ့ ပရိသတ်အချို့ကတော့ ရော်နယ်ဒိုရဲ့ ခြေချောင်းလေးတွေမှာ အမည်းရောင် ခြေသည်း ဆိုးထားတာကို တွေ့ရှိခဲ့ကြပါတယ်။



ဒီလုပ်ရပ်အတွက် ရော်နယ်ဒိုကို ‌ဝေဖန်မှုအချို့ရှိခဲ့ပေမယ့် တကယ်တမ်းမှာတော့ ရော်နယ်ဒိုက အလှအပရေးရာအတွက် အခုလိုမျိုး ခြေသည်းဆိုးထားတာ မဟုတ်ဘူးလို့ သိရှိရပါတယ်။ ရော်နယ်ဒိုဟာ ဘောလုံးကန်ဖိနပ်ကို ဝတ်ဆင်တဲ့အခါမှာ သူတို့ရဲ့ ခြေသည်းတွေကို မှိုနဲ့ ဘက်တီးရီးယားတွေရဲ့ ရန်ကနေ ကာကွယ်နိုင်ဖို့ အခုလိုမျိုးပဲ ခြေသည်းဆိုးထားခြင်းဖြစ်ကြောင်း ဆိုရှယ်မီဒီယာ အသုံးပြုသူအချို့က ဆိုကြပါတယ်။

အခုလိုမျိုး ခြေသည်းဆိုးတာကို ကမ္ဘာကျော် လက်ဝှေ့သမား မိုက်တိုင်ဆန်လည်း ပြုလုပ်ခဲ့ဖူးကြောင်း သိရှိရပါတယ်။ တွစ်တာအသုံးပြုသူတစ်ယောက်က “ထိပ်တန်းကစားသမား အများစုက နာရီနဲ့ချီပြီး ချွေးထွက်တဲ့ ဖိနပ်တွေကို ဝတ်ဆင်တဲ့အခါမှာ သူတို့ရဲ့ ခြေချောင်းတွေကို မှို၊ ဘက်တီးရီးယားတွေရဲ့ ရန်ကနေ ကာကွယ်နိုင်ဖို့ အခုလိုမျိုး လုပ်လေ့ရှိပါတယ်”

“မိုက်တိုင်ဆန်တောင်မှ ဒါမျိုး ကာကွယ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဒီလိုအနေအထားမျိုးနဲ့ ယောကျ်ား ပီသမှုက နူးညံ့သိမ်မွေ့တယ်ဆိုတာကို မြင်ရတာ အံ့အားသင့်စရာပါ” လို့ ရေးသားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ သူ့ရဲ့ ကစားသမားဘဝအတွက် ကွင်းပြင်ပနေထိုင် စားသောက်မှု အားလုံးကို အသေးစိတ်ကျကျ ဆောင်ရွက်လေ့ရှိသူတစ်ယောက်ဖြစ်ပြီး သူ့ကိုယ်သူ ဂရုစိုက်တတ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ လက်ရှိခန္ဓာကိုယ်က ကစားသမားဘဝ နေဝင်ချိန်ကို ရောက်ရှိလာခဲ့သည့်တိုင် အကောင်းဆုံး အနေအထားတစ်ရပ်မှာ ရှိနေပြီး ကစားသမားဘဝ အကောင်းဆုံးအချိန်ကို ပိုင်ဆိုင်ထားဆဲ ကစားသမားအချို့ထက်တောင် ပိုမိုသာလွန်နေပါသေးတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့အတူ ယူရိုခြေစစ်ပွဲကစားပြီးနောက် လက်ရှိမှာ မိသားစုနဲ့ အနားယူအပန်းဖြေနေတာလည်း ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က