ရော်နယ်ဒိုကို အရေးမယူတဲ့ ယူနိုက်တက်ကိုပါ ဝေဖန်သွားခဲ့တာပါ။

ရော်နယ်ဒိုနဲ့ ပြဿနာတက်ခဲ့တဲ့ အဲဗာတန်ပရိသတ် ကလေးငယ်ရဲ့အမေက ကိစ္စတွေကို အခြေအနေဆိုးအောင် ယူနိုက်တက်ကပါ ဝင်ရောက်ဖန်တီးနေတယ်လို့ ဝေဖန်ပြောကြားလိုက်ပါတယ်။ အော်တစ်ဇင်ကလေးငယ်ရဲ့ လက်ကို ရိုက်ချခဲ့တဲ့ ရော်နယ်ဒိုရဲ့ တောင်းပန်မှုကို လက်ခံတာကြောင့် အရေးယူမှာမဟုတ်ဘူးလို့ ယူနိုက်တက်က အတည်ပြုထားပါတယ်။



ရော်နယ်ဒိုဟာ အဲဗာတန်နဲ့ပွဲအပြီးမှာ ဒီလိုမျိုးစိတ်လွတ်ကိုယ်လွတ် ပြုမူခဲ့တာဖြစ်ပြီး သူ့ရဲ့အပြုအမူအတွက် ချက်ချင်းပြန်လည်တောင်းပန်ခဲ့ပါတယ်။ ဒါ့အပြင် အသက် (၁၄) နှစ်အရွယ် အဆိုပါကလေးငယ်ကိုလည်း အိုးထရက်ဖို့ဒ်ကွင်းမှာ ဘောလုံးပွဲလာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ထားပါတယ်။

ဒါပေမယ့် ဒါကိုတော့ မိခင်ဖြစ်သူ ဆာရာကယ်လီက ငြင်းဆန်ပယ်ချခဲ့ပြီး ဒီလိုငြင်းဆန်ရတဲ့အကြောင်းရင်းနဲ့အတူ ယူနိုက်တက်ကိုပါ ထပ်မံဝေဖန်လာခဲ့ပါတယ်။ ဆာရာကယ်လီက “ယူနိုက်တက်က ဒီဖြစ်ရပ်ကို တော်တော်လေး ဆိုးဆိုးရွားရွား ကိုင်တွယ်ခဲ့ပါတယ်။ အရိုးသားဆုံးပြောရရင် အခြေအနေတွေ ဒီထက်ပိုဆိုးအောင် သူတို့အသင်းက လုပ်ခဲ့တာပါ”

“ကျမ မြင်တာကို တခုပြောပြမယ်။ လမ်းပေါ်မှာ တယောက်ယောက်က ကျမသားကို အနိုင်ကျင့်နှိပ်စက်ပြီးမှ ညစာအတူစားဖို့ လာခေါ်ရင် ကျမတို့ ဘယ်လိုက်နိုင်ပါ့မလဲ။ အခုကိစ္စမှာလည်း တဖက်က ရော်နယ်ဒိုဖြစ်နေတာပါ။ ဒါပေမယ့်လည်း ကျမတို့ ဘာလို့ ဒါမျိုးကို လက်ခံရမှာလဲ။ မသိရင် ကျမတို့က ရော်နယ်ဒိုကို အကြွေးတင်နေလို့ ကျေးဇူးဆပ်နေရသလိုပါပဲ”

“ဆောရီးပါ။ ယူနိုက်တက်ကွင်းထဲ သွားရောက်ဖို့ ဖိတ်ကြားချက်ကို ကျမတို့ လက်မခံနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမသားက မသွားချင်သလို ရော်နယ်ဒိုကိုလည်း သူမမြင်ချင်ပါဘူး။ သူက ဒီကိစ္စကို ရှင်းရှင်းလင်းလင်း တုံ့ပြန်ပြီးပါပြီ။ ဒါ ကျမဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ကျမသားရဲ့ ဆုံးဖြတ်ချက်ပါ”

“ရော်နယ်ဒိုရဲ့လုပ်ရပ်က ကျမထက် ကျမသားအပေါ်ကို အကျိုးသက်ရောက်မှု ပိုမိုကြီးမားခဲ့ပါတယ်။ အခုလက်ရှိ ကျမပြောနိုင်တာက ဒီကိစ္စတွေအကုန်လုံးက ရဲလက်ထဲမှာပဲရှိပါတော့တယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က