အာရပ်ကလပ်ဖလားပြိုင်ပွဲမှာ အယ်လ်နာဆာနဲ့ ရင်ဆိုင်ရတော့မယ့် အီဂျစ်ကလပ် ဇာမာလက်ခ်အသင်းရဲ့ နည်းပြကားလို့အိုဆိုရီယိုက ပြိုင်ဘက်အသင်းတိုက်စစ်ကို သူတို့ ထိတ်လန့်နေမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဒီနှစ်သင်းဟာ အုပ်စုတတိယမြောက်ပွဲအဖြစ် ကစားရမှာဖြစ်ပြီး နောက်တဆင့်အတွက် အရေးပါနေတာလည်းဖြစ်ပါတယ်။
လက်ရှိမှာ အယ်လ်နာဆာက ၄ မှတ်၊ ဇာမာလက်ခ်က ၃ မှတ်ရရှိထားကာ အနိုင်ရတဲ့အသင်းအနေနဲ့ နောက်တဆင့်ကို တက်ရောက်ဖို့ အခြေအနေကောင်းပိုင်ဆိုင်မှာလည်း ဖြစ်ပါတယ်။ ရော်နယ်ဒိုကတော့ ပြီးခဲ့တဲ့ပွဲမှာ အသင်းအတွက် ခေါင်းတိုက်ဂိုးသွင်းယူပြီး အယ်လ်နာဆာအတွက် ဂိုးပေါက်ပြန်လည်တွေ့ရှိထားခဲ့ပါတယ်။
"အယ်လ်နာဆာက အသင်းကောင်းတသင်းပါ၊ ဒါပေမယ့် သူတို့ကို ကျနော်တို့ ကြောက်နေမှာမဟုတ်ပါဘူး၊ သူတို့ တိုက်စစ်မှူးခရစ္စတီယာနိုရော်နယ်ဒိုကလည်း ကမ္ဘာ့အဆင့်ကစားသမားပါ၊ ပြီးတော့ ဂိုးသွင်းကျွမ်းကျင်တဲ့ သူလည်း ဖြစ်ပါတယ်၊ ဒါပေမယ့် သူ့အသင်းရဲ့ တိုက်စစ်က ကျနော်တို့ ကြောက်နေစရာမရှိပါဘူး" လို့ အိုဆိုရီယိုက ပြောဆိုသွားခဲ့ပါတယ်။
အယ်လ်နာဆာဟာ ဆီနီဂေါတိုက်စစ်မှူးမာနေးကိုလည်း ခေါ်ယူထာပြီးဖြစ်လို့ ဒီပွဲမှာ ထည့်သွင်းကစားမလားဆိုတာတော့ စောင့်ကြည့်ရပါမယ်။ တကယ်လို့သာ မာနေးလည်းပါဝင်မယ်ဆိုရင် အယ်လ်နာဆာတိုက်စစ်က တော်တော်လေးကို တောင့်တင်းမှာဖြစ်ပြီး ဇာမာလက်ခ်အတွက် စိုးရိမ်စရာတော့ ကောင်းနေမှာဖြစ်ပါတယ်။