အီရန်ဟာ တီဟီရန်မှာ ပါဆီပိုလစ်အသင်းနဲ့ လာရောက်ကစားမယ့် အယ်လ်နာဆာရဲ့ အာရှချန်ပီယံလိဂ်ပွဲအတွက် ရော်နယ်ဒိုအပါအဝင် အယ်လ်နာဆာရဲ့ နိုင်ငံခြားကစားသမားတွေကို အထူး ဆင်းမ်ကတ်တွေ ပေးသွားဖို့အတွက် ဆန္ဒရှိနေပါတယ်။ ဘာကန့်သတ်ချက်မှမရှိဘဲ အင်တာနက်ကို အသုံးပြုနိုင်မှာဖြစ်ပြီး အီရန်နိုင်ငံသားတွေ မရတဲ့ အခွင့်အရေးတချို့ကို ပေးသွားဖို့ ရှိနေတာပါ။ ဒီအပေါ်မှာ အီရန်နိုင်ငံသားတချို့ဆိုရင် မကျေမနပ်တောင်ဖြစ်နေတယ်လို့ အယ်လ်ဂျားဇီးယားသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
မနက်ဖြန်မှာ အာရှချန်ပီယံလိဂ်အုပ်စုဖွင့်ပွဲအဖြစ် ကစားကြမှာဖြစ်ပြီး အီရန်နိုင်ငံသားတချို့က သူတို့ကျ ပိတ်ပင်ခံထားရပြီး လွတ်လပ်စွာအသုံးပြုခွင့်မရတာကြောင့် နိုင်ငံခြားသားကစားသမားတွေ လာရောက်ကစားတာမျိုးမလုပ်ဖို့တောင် ပြောခဲ့တယ်လို့ ပါဆီပိုလစ်အသင်းရဲ့ ဥက္ကဌဖြစ်သူ ရီဇာဒါဗစ်ရှ်က နိုင်ငံပိုင်ရုပ်သံကတဆင့် ပြောဆိုခဲ့ပါတယ်။
"ကျနော်တို့တိုင်းပြည်ရဲ့ မိုဘိုင်းအော်ပရေတာ Irancell က စီအီးအိုနဲ့ ကျနော်စကားပြောခဲ့ပါတယ်၊ ငါတို့ ဒီကစားသမားတွေကို အင်တာနက်ကန့်သတ်ချက်မရှိတဲ့ မင်းတို့ဆင်းမ်ကတ်တွေကို ပေးချင်တယ်၊ သူတို့ ဒီကိုရောက်ချိန်ကစလို့ ပြန်သွားတဲ့အချိန်ထိ ဒါကို အသုံးပြုနိုင်လိမ့်မယ်လို့ ကျနော်ပြောခဲ့ပါတယ်" လို့လည်း သူက ဖွင့်ဟခဲ့ပါတယ်။
အီရန်နိုင်ငံသားတွေဟာ အင်တာနက်ကန့်သတ်ထားမှုကြောင့် VPN ကို ပုံမှန်အသုံးပြုနေရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း VPN တွေကိုပါ တာဝန်ရှိသူတွေက တင်းတင်းကျပ်ကျပ်ကိုင်တွယ်နေလို့ အင်တာနက်အသုံးပြုရတာ အဆင်မပြေဖြစ်နေတာပါ။
အီရန်မှာ လူမှုမီဒီယာတွေကိုလည်း ပိတ်ပင်ထားပြီး အစိုးရက တည်ဆောက်ပေးထားတဲ့ Bale နဲ့ Eitaa ပလက်ဖောင်းနှစ်ခုကို အဓိကထား သုံးစွဲနေရတာဖြစ်ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုတို့ကို အထူးခွင့်ပြုချက်နဲ့ ပြုလုပ်ပေးသွားဖို့ရာ ဆန္ဒရှိနေတာလည်းဖြစ်ပါတယ်။