အယ်လ်နာဆာ တိုက်စစ် ကစားသမား မာနေးဟာ မနေ့ညက ကစားခဲ့တဲ့ အယ်လ်နာဆာနဲ့ အယ်လ်ဖေဟာတို့ရဲ့ပွဲမှာ ခြေစွမ်းပြပြီး နှစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ အယ်လ်နာဆာက ၃-၁ ဂိုးနဲ့ အိမ်ကွင်းမှာ အနိုင်ရရှိခဲ့တာပါ။
ပြီးခဲ့တဲ့ ဆော်ဒီစူပါဖလား ဗိုလ်လုပွဲက အနီကတ်ကြောင့် ရော်နယ်ဒို ဒီပွဲမှာ မပါဝင်နိုင်ခဲ့သလို တာလစ္စကာကလည်း ဒဏ်ရာကြောင့် လွဲချော်ခဲ့ရပါတယ်။ အဲ့ဒါကြောင့် အယ်လ်နာဆာတိုက်စစ်ကို မာနေးက ဦးဆောင်ပြီး ပွဲထွက်လာခဲ့ပါတယ်။
ပထမပိုင်းမှာ အယ်လ်ဖေဟာက ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သလို အယ်လ်နာဆာတို့ ရရှိလာတဲ့ ပင်နယ်တီကိုလည်း မာနေးက ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ခြင်းမရှိပါဘူး။ အဲ့ဒါကြောင့် ပထမပိုင်းမှာတော့ အိမ်ရှင် အယ်လ်နာဆာတို့ ၀-၁ ဂိုးနဲ့ အရေးနိမ့်နေခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ချေပဂိုးတစ်ဂိုးရရှိခဲ့ပြီး အဲ့ဒီနောက်မှာတော့ မာနေးက ငါးမိနစ်အတွင်း နှစ်ဂိုး သွင်းယူကာ အယ်လ်နာဆာရဲ့ နိုင်ပွဲကို ဖော်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ အယ်လ်နာဆာက ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး မာနေးကလည်း သူရဲကောင်းဖြစ်ခဲ့ပါတယ်။
ရော်နယ်ဒိုတို့ ပါဝင်ချိန်မှာ မာနေးရဲ့ တိုက်စစ်ပိုင်း စွမ်းဆောင်ရည်၊ သွင်းဂိုးပါဝင်ပတ်သက်မှုတွေက ထိုက်သင့်သလောက်မရှိခဲ့၊ မထင်ပေါ်ခဲ့ပါဘူး။ ဒါပေမယ့် မာနေးကတော့ သူကိုယ်တိုင် အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်ခွင့်ရရှိချိန်မှာ လုပ်နိုင်စွမ်းရှိနေဆဲဖြစ်ကြောင်းကို မနေ့ညကပွဲမှာ အကောင်းဆုံး သက်သေပြသခဲ့ပါတယ်။