ရော်နယ်ဒိုရောက်လာခဲ့ပြီးနောက် ဂျူဗင်တပ်စ်အသင်းဟာ သူတို့ရဲ့ DNA ပျောက်ဆုံးသွားခဲ့တယ်လို့ ဝါရင့်ဂိုးသမားကြီး ဘတ်ဖွန်က ပြောဆိုလိုက်ပါတယ်။ ဥရောပအောင်မြင်မှုရဖို့အတွက် ရော်နယ်ဒိုကို ခေါ်ယူခဲ့ပေမယ့်လည်း ဂျူဗီမအောင်မြင်ခဲ့တဲ့အကြောင်းရင်းကို ပြန်လည်သုံးသပ်ခဲ့မှုမှာ ဘတ်ဖွန်က ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
၂၀၁၈ မှာ ရော်နယ်ဒိုက ရီးရဲလ်မက်ဒရစ်ကနေ ဂျူဗီကို ရောက်ရှိလာခဲ့ပြီး ချန်ပီယံလိဂ်ဖလားရယူနိုင်ဖို့ အားခဲခဲ့ကြပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုဟာ စီးရီးအေဖလား ၂လုံးနဲ့ ပြည်တွင်းဖလားတချိုု့သာ ဆွတ်ခူးနိုင်ခဲ့ပြီး ချန်ပီယံလိဂ်မှာမအောင်မြင်ခဲ့သလို နောက်ဆုံးရာသီမှာလည်း အဆင့် ၄ နေရာသာရပ်တည်နိုင်ခဲ့ကာ အဲဒီနောက် ယူနိုက်တက်ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။
"ကျနော်ပြန်ရောက်လာချိန်မှာ သူနဲ့ ၂နှစ်လောက် တွဲကစားခဲ့ရပြီး အတူတကွကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်၊ ဒါပေမယ့် ဂျူဗီက အသင်းရဲ့ DNA ပျောက်ဆုံးနေပြီလို့ ကျနော်ထင်ခဲ့တယ်၊ ၂၀၁၇ မှာ ကျနော်တို့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ရောက်ခဲ့တယ်၊ ဘာလို့လဲဆိုတော့ အတွေ့အကြုံရင့်ကစားသမားတွေ ရှိနေပြီး အသင်းက ယူနစ်တခုတည်းအဖြစ်ရှိနေခဲ့ပါတယ်၊ ဒါပေမယ့် ရော်နယ်ဒိုနဲ့အတူ ကျနော်တို့ အရေးနိမ့်ခဲ့ရပါတယ်" လို့ ဘတ်ဖွန်က ပြောဆိုခဲ့ပါတယ်။
ရော်နယ်ဒိုနဲ့ ဂျူဗီတို့ဟာ ချန်ပီယံလိဂ်မှာ အမြင့်ဆုံးအနေနဲ့ ကွာတားဖိုင်နယ်အဆင့်ထိသာ ရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။ ရီးရဲလ်နဲ့အတူ ချန်ပီယံလိဂ်ဖလား ၄ လုံးရယူခဲ့ပြီး ပြိုင်ပွဲသမိုင်းမှာ အကောင်းဆုံးထဲက တဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ရော်နယ်ဒိုဟာ ဂျူဗီကိုတော့ ကယ်တင်ပေးနိုင်ခဲ့ခြင်းမရှိဘဲ ဥရောပအဆင့်မှာ ကျရှုံးခဲ့ရပါတယ်။