မနေ့ညက ကစားခဲ့တဲ့ ဆော်ဒီအာရေဗျလိဂ်ပွဲစဥ်မှာတော့ အယ်လ်နာဆာက အယ်လ်ရှာဘတ်ကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် အယ်လ်နာဆာတို့ ရုန်းကန်ခဲ့ရပြီး ဧည့်သည် အယ်လ်ရှာဘတ်က နှစ်ဂိုးပြတ်နဲ့ စတင်ဦးဆောင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် အယ်လ်နာဆာတို့ အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့ပြီး တာလီစကာ၊ အဗ္ဗဒူလာမန်တို့က ချေပဂိုးတွေ ကိုယ်စီ သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ပွဲကစားချိန် (၅၉) မိနစ်မှာတော့ ရော်နယ်ဒိုက အဝေးကန်ချက်နဲ့အတူ အယ်လ်နာဆာအတွက် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီရလဒ်ကြောင့်ပဲ အယ်လ်နာဆာတို့ အမှတ်ပေးဇယား ဒုတိယနေရာကနေ ဦးဆောင်သူ အယ်လ်တီဟတ်ကို (၃) မှတ်အကွာနဲ့ ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ်။
လက်ရှိကစားနေတဲ့ ဆော်ဒီအာရေဗျ ပရော်ဖက်ရှင်နယ်လိဂ်မှာ ချန်ပီယံဆုအတွက် အမှတ်တူအနေအထားကို အဆုံးအဖြတ် ခံယူတဲ့အခါ ထိပ်တိုက်တွေ့ဆုံမှုကို ဆုံးဖြတ်တာဖြစ်ပါတယ်။ ဒီရာသီ အယ်လ်တီဟတ်နဲ့ အယ်လ်နာဆာတို့ ထိပ်တိုက်တွေ့ဆုံမှုမှာ ရော်နယ်ဒိုရဲ့ အသင်းက အယ်လ်တီဟတ်ကို အနိုင်ကစားနိုင်ခဲ့ခြင်းမရှိဘဲ တစ်ပွဲသရေ၊ တစ်ပွဲရှုံးနိမ့်ခဲ့ပါတယ်။
အဲ့ဒါကြောင့်လည်း အယ်လ်နာဆာတို့ ချန်ပီယံအဖြစ် အောင်ပွဲခံလိုတယ်ဆိုရင်တော့ ပြိုင်ဘက် အယ်လ်တီဟတ်နဲ့ အမှတ်တူလို့တောင်မရဘဲ ပြိုင်ဘက်အသင်းထက် ရမှတ်ပိုများမှသာ ချန်ပီယံဖြစ်နိုင်မှဖြစ်ပါတယ်။ လာမယ့်တစ်ပတ်မှာ ကစားမယ့် အယ်လ်တီဟတ်နဲ့ အယ်လ်ဖီဟာတို့ပွဲမှသာ အယ်လ်တီဟတ်တို့ အနိုင်ရရှိခဲ့ရင် အယ်လ်တီဟတ်က ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မှာပါ။
ဒီရာသီမှာ အယ်လ်နာဆာတို့ အောင်မြင်မှုရရှိသည်ဖြစ်စေ၊ မရရှိဘူးဖြစ်စေ အသင်းသစ်နဲ့ ပထမဆုံးရာသီမှာ (၁၄) ဂိုးသွင်းယူနိုင်ခဲ့တဲ့ ရော်နယ်ဒိုရဲ့ စွမ်းဆောင်ရည်က မဆိုးလှဘူးလို့ သုံးသပ်နိုင်ပါတယ်။ ဒီပွဲမှာ သွင်းယူခဲ့တဲ့ ရော်နယ်ဒိုရဲ့ သွင်းဂိုးကလည်း သူ့ရဲ့ ငယ်ဘဝကို ပြန်လည်သတိရသွားစေပြီး လှပတဲ့ သွင်းဂိုးတစ်ဂိုးအဖြစ် ပရိသတ်တွေက ချီးကျူးနေကြပါတယ်။