ပွဲအပြီးမှာ ဘရူနိုက ပြောကြားခဲ့တာပါ။

ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ဂါနာချိုတစ်ယောက် အသင်းရဲ့ ကစားသမားဟောင်း ရော်နယ်ဒိုရဲ့ ဗီဒီယိုတွေကို အများအပြား ကြည့်ထားပုံရတယ်လို့ ပြောကြားလိုက်ပါတယ်။ ဂါနာချိုဟာ ရော်နယ်ဒို ဂျူဗင်တပ်စ်ကို သွင်းယူခဲ့ဖူးတဲ့ နောက်ပြန်ကန်ချက်နဲ့ အဲဗာတန်နဲ့ပွဲမှာ ဂိုးရခဲ့တာပါ။



ဂါနာချိုဟာ ဒီဂိုးကို သွင်းယူပြီးတဲ့နောက် ရော်နယ်ဒိုရဲ့ အထင်ကရ အောင်ပွဲခံဟန်ဖြစ်တဲ့ Siu နဲ့ အောင်ပွဲခံခဲ့ပါသေးတယ်။ ဂါနာချိုရဲ့ သွင်းဂိုးက ဒီရာသီသူ့အတွက် ပထမဆုံး ပရီးမီးယားလိဂ်သွင်းဂိုးဖြစ်ခဲ့သလို ပွတ်ရှ်ကပ်စ်စာရင်းဝင်မယ့်ဂိုးလည်း ဖြစ်ခဲ့ပါတယ်။
အဲ့ဒါကြောင့်လည်း ဂါနာချိုနဲ့ ပတ်သက်လို့ ချီးကျူးသံတွေ ဆူညံနေပြီး ဘရူနိုဖာနန်ဒက်စ်ကလည်း အခုလိုပဲ ဂါနာချိုနဲ့ ပတ်သက်လို့ သုံးသပ်ပြောကြားလာခဲ့တာပါ။ ဘရူနိုဖာနန်ဒက်စ်က “တကယ်ကို အံ့အားသင့်စရာကောင်းတဲ့ သွင်းဂိုးတစ်ဂိုးဖြစ်ခဲ့ပြီး ကမ္ဘာအပြင်ဘက်က သွင်းဂိုးတစ်ဂိုးလိုမျိုးပါပဲ”
“ကျွန်တော့်အထင် သူက ရော်နယ်ဒိုရဲ့ ဗီဒီယိုအများအပြားကို ကြည့်နေပုံပါပဲ။ ဂါနာချိုက ရော်နယ်ဒိုရဲ့ အကြီးစားပရိသတ်တစ်ယောက်ဖြစ်တယ်ဆိုတာကိုလည်း ကျွန်တော်တို့ အားလုံး သိထားပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
ဂါနာချိုဟာ အာဂျင်တီးနားသားတစ်ယောက်ပင်ဖြစ်လင့်ကစား ရော်နယ်ဒိုကို စံပြပုဂ္ဂိုလ်တစ်ယောက်အဖြစ် သတ်မှတ်ထားသူပါ။ ဒါ့အပြင် ရော်နယ်ဒိုရဲ့ အောင်ပွဲခံဟန်တွေအတိုင်းလည်း မကြာခဏ လိုက်လံအောင်ပွဲခံလေ့ရှိတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

Share

Loading Next Article...
က္က