ရိုးမားအသင်းကို အလွတ်ပြောင်းရွှေ့သွားခဲ့တဲ့ အာဂျင်တီးနားတိုက်စစ်မှူးပေါ်လိုဒီဘာလာရဲ့ ဂျာစီရောင်းချရမှုဟာ အီတလီသမိုင်းမှာ စံချိန်သစ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၈ နှစ်အရွယ် ကစားသမားရဲ့ ဂျာစီဟာ တရက်တာအတွင်း ရောင်းချရမှုစံချိန်သစ်တင်နိုင်ခဲ့တာဖြစ်တယ်လို့ Corriere dello Sport က ဖော်ပြခဲ့ပါတယ်။
အချက်အလက်တွေအရ ဒီဘာလာရဲ့ တရက်တာဂျာစီရောင်းအားဟာ ဂျူဗင်တပ်စ်ကို ရော်နယ်ဒိုရောက်ရှိလာခဲ့ချိန်မှာ ရောင်းချခဲ့ရတဲ့ တရက်တာရောင်းအားကို ကျော်ဖြတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ရိုးမားကို ဒီဘာလာရောက်ရှိလာတဲ့အပေါ်မှာ ရောမပရိသတ်အများအပြားက နှစ်ထောင်းအားရဖြစ်ပြီး ကြိုဆိုမှုပြုလုပ်ခဲ့ကြတာကို သိသိသာသာမြင်တွေ့ရတာလည်းဖြစ်တယ်လို့ အီတလီမီဒီယာတွေက ဆိုပါတယ်။
ဒီဘာလာဟာ ရိုးမားမှာ ကျောနံပါတ် ၂၁ ကို ဝတ်ဆင်ကစားသွားမှာဖြစ်ပါတယ်။ ရိုးမားက အသင်းဂန္ထဝင်ကစားသမားဟောင်းကြီး တော့တီရဲ့ နံပါတ် ၁၀ ဂျာစီကို ဝတ်ဆင်ဖို့အတွက် ကမ်းလှမ်းခဲ့ပေမယ့် ဒီဘာလာကတော့ အီတလီတိုက်စစ်မှူးကြီးအပေါ် လေးစားမှုထားရှိတဲ့အနေနဲ့ ငြင်းဆန်ခဲ့ပြီး နံပါတ် ၂၁ ကိုသာ ရွေးချယ်သွားခဲ့တာလည်းဖြစ်ပါတယ်။
ဒီဘာလာရဲ့ ဂျာစီတထည်ကို ယူရို ၁၁၀ ကနေ ၁၃၀ ကြား ပေးချေဝယ်ယူရတယ်လို့သိရပြီး တရက်တာရောင်းချရမှု အရေအတွက်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း လွန်ခဲ့တဲ့ ၃ နှစ်က ရော်နယ်ဒိုရဲ့ ဂျာစီတရက်တာရောင်းအားကို ကျော်ဖြတ်နိုင်ခဲ့တယ်လို့ ယုံကြည်ရကြောင်း အခိုင်အမာရေးသားဖော်ပြခဲ့ပြီး ရိုးမားအတွက်တော့ အကျိုးကျေးဇူးများပြားတဲ့ အပြောင်းအရွှေ့တခုဖြစ်လာဖို့ ရှိနေပါတယ်။