မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူ ဒီအိုဂိုဒါလော့ဟာ ပေါ်တူဂီအသင်းဖော် ရော်နယ်ဒိုနဲ့အတူ အားလပ်ရက်အပန်းဖြေခရီးထွက်ခဲ့တယ်လို့ သိရပါတယ်။ ယူရို ၂၀၂၄ ခြေစစ်ပွဲတွေ ကစားအပြီးမှာ ခရီးအတူထွက်ခဲ့တာဖြစ်ပြီး ယူနိုက်တက်အသင်းဖော်ဟောင်းတွေထဲက ဒါလော့နဲ့ သူ့ကြားမှာ ဆက်ဆံရေးကောင်းတွေရှိတယ်ဆိုတာကို မြင်တွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။
ရော်နယ်ဒိုရဲ့ ယူနိုက်တက်ကစားသမားဘ၀ ဒုတိယအကြိမ်မှာ အသင်းဖော်တွေနဲ့လည်း အဆင်မပြေမှုတချို့ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒါလော့ကတော့ ရော်နယ်ဒိုမထွက်ခွာခင်မှာရော၊ ထွက်ခွာပြီးချိန်မှာပါ ပေါ်တူဂီသားဘက်ကကနေ ရပ်တည်ကြောင်းကို ပြသခဲ့ပြီး သူတို့ကြားက ဆက်ဆံရေးက ခိုင်မာနေခဲ့ပါတယ်။
Mirror ရဲ့ အဆိုအရ ရော်နယ်ဒိုရဲ့ ပေါင် ၅.၅ သန်းတန် ဇိမ်ခံရွက်လှေပေါ်မှာ သူတို့က အတူတူ အပန်းဖြေနေခဲ့ကြပြီး ဓာတ်ပုံရိုက်ကူးမှု လုပ်ခဲ့ကြတာပါ။ အပန်းဖြေခရီးထွက်နေတဲ့အကြောင်းကိုလည်း ရော်နယ်ဒိုက အင်စတာဂရမ်မှာ ဖော်ပြခဲ့ပြီး လာမယ့်ရာသီသစ်အတွက် သူ အားဖြည့်အနားယူနေတာကိုလည်း အသိပေးခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းဖော်ဟောင်းနဲ့ လက်ရှိပေါ်တူဂီအသင်းဖော် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်နဲ့တော့ ဆက်ဆံရေးအေးစက်မှုတွေ ရှိနေတယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။ ပေါ်တူဂီမှာလည်း သူတို့နှစ်ဦးကြား နွေးထွေးတဲ့ ပုံစံမျိုးမတွေ့ရှိခဲ့ရဘဲ ပုံမှန်အသင်းဖော်တွေလိုသာ ပြုမူဆက်ဆံနေတာကို မြင်တွေ့ခဲ့ရပါတယ်။