ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ မန်ချက်စတာယူနိုက်တက်မှာ အသင်းဖော်တွေဖြစ်ခဲ့တဲ့ ဘရာဇီးလ်ကွင်းလယ်လူဟောင်းအန်ဒါဆန်က ရော်နယ်ဒိုက အရမ်းစိတ်သဘောထားကောင်းမွန်သူဖြစ်ပြီး ကစားသမားဘ၀မှာလည်း သူမတူအောင်ကြိုးစားအားထုတ်သူဖြစ်တယ်လို့ ချီးကျူးပြောဆိုလိုက်ပါတယ်။ ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး လူတွေမသိတဲ့အရာတွေ အများကြီးရှိတယ်လို့လည်း သူက ဆိုပါတယ်။
အန်ဒါဆန်နဲ့ ရော်နယ်ဒိုဟာ အိုးထရက်ဖို့ဒ်မှာ ၂ ရာသီကြာ တွဲဖက်ကစားခဲ့သူတွေဖြစ်ပါတယ်။ အန်ဒါဆန်ကလည်း တချိန်က ဆာအဲလက်စ်ဖာဂူဆန်ရဲ့ အားကိုးရတဲ့ ကစားသမားတဦးဖြစ်ခဲ့ပြီး ဒဏ်ရာပြသနာတွေ နှိပ်စက်မှုကြောင့်သာ အချိန်မတန်ခင် ခြေစွမ်းကျဆင်းကာ ယူနိုက်တက်ကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။
အန်ဒါဆန်က "ရော်နယ်ဒိုနဲ့အတူရှိနေခဲ့တဲ့ အခိုက်အတန့်အားလုံးက အံ့အားသင့်စရာတွေချည်းပါပဲ၊ သူက ဘောလုံးအကြောင်းပဲ ရာနှုန်းပြည့်စဉ်းစားနေတာ၊ ပွဲပြီးတာနဲ့ အိမ်ကိုတန်းပြန်ပြီး recover ပြန်လုပ်တဲ့သူ၊ ပရော်ဖက်ရှင်နယ်အရမ်းဆန်ပြီး သူငယ်ချင်းကောင်းတယောက်လည်း ဖြစ်ပါတယ်၊ ဒါတွေကို လူတော်တော်များများမသိပါဘူး၊ လူအများအပြားကို သူ ကူညီခဲ့ပါတယ်"
"သူက အရမ်းကို စိတ်ကောင်းနှလုံးကောင်းရှိတဲ့သူတယောက်ပါ၊ ကျနော်တို့ကို လေ့ကျင့်ရေးကွင်းမှာ တွဲခေါ်တယ်၊ ဂရုစိုက်တယ်၊ အင်္ဂလန်မှာ သူက ကျနော့်အတွက် အရမ်းကို အရေးကြီးခဲ့တဲ့သူပါ၊ ကျနော့်မှာ ရော်နယ်ဒိုရဲ့ စိတ်ဓာတ်မျိုး ၅% လောက်ရှိရင်ကိုပဲ မ္ဘာ့အကောင်းဆုံးတွေထဲက တယောက်ဖြစ်နိုင်ပါတယ်၊ ဒါကို အခုတော့ ကျနော်သိပြီ"
"သူ့မှာ အရည်အသွေး၊ အရည်အချင်းတွေရှိပြီး အာရုံစိုက်မှုလည်းအပြည့်ပဲ၊ ရော်နယ်ဒိုရဲ့ ၅% လောက်နဲ့ဆိုရင်တောင်မှ ကျနော် အခုချိန်ထိ ထိပ်တန်းအဆင့်မှာ ရှိနေဦးမှာပါ၊ လွယ်လွယ်ကူကူနဲ့ ကစားနိုင်ဦးမှာပါ" လို့ အန်ဒါဆန်က ပြောဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ အန်ဒါဆန်ဟာ တူရကီကလပ် အဒါနာဒီမီစပေါ်အသင်းရဲ့ လက်ထောက်နည်းပြအဖြစ် တာဝန်ယူနေပါတယ်။