ရော်နယ်ဒိုရဲ့ကား တော်တော်လေး ပျက်စီးသွားခဲ့တာပါ။

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ ဘူဂါတ်တီကားကြီးဟာ မတော်တဆမှုဖြစ်ပွားခဲ့တယ်လို့ စပိန်ကထွက်ပေါ်လာတဲ့ သတင်းတွေအရ သိရှိရပါတယ်။ ပေါင် (၁.၈) သန်းတန် အဆိုပါ တန်ဖိုးကြီးဇိမ်ခံကားဟာ မာဂျော်ကာဒေသမှာ သူများအိမ်ရဲ့ ဝင်ပေါက်ကို တည့်တည့်ဝင်တိုက်ခဲ့တာဖြစ်ပပါတယ်။



ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ မိသားစုနဲ့အတူ Balearic ကျွန်းမှာ နွေရာသီအားလပ်ရက် အနားယူနေပါတယ်။ ဒီကားကိုမောင်းနှင်ခဲ့တဲ့သူကတော့ ရော်နယ်ဒိုရဲ့ဝန်ထမ်းတယောက်ဖြစ်ပြီး ပျက်စီးမှုကြီးမားခဲ့သည့်တိုင် ယာဥ်မောင်းကတော့ ဒဏ်ရာကြီးကြီးမားမားမရရှိခဲ့ဘူးလို့ သိရပါတယ်။ ဒီဖြစ်စဥ်ဟာ ဒီကနေ့ (တနင်္လာ) မနက်မှာ ဖြစ်ပွားခဲ့တာပါ။

ရော်နယ်ဒိုရဲ့ကားရှေ့ပိုင်းကတော့ ကြီးကြီးမားမားကို ပျက်စီးသွားခဲ့တယ်လို့ သိရှိရပါတယ်။ ရော်နယ်ဒိုဟာ ကားတွေနဲ့ပတ်သက်လာရင် ရူးသွပ်တဲ့သူတယောက်ဖြစ်ပြီး သူပိုင်ဆိုင်ထားတဲ့ ကားတွေထဲမှာ တကမ္ဘာလုံးအတွက် အရေအတွက် အကန့်အသတ်နဲ့ ထုတ်လုပ်ထားတဲ့ ကားတွေလည်း အပါအဝင်ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ သူ့ရဲ့နေအိမ်မှာလည်း ဒီကားတွေအတွက် ဂိုဒေါင်အကောင်းစားကို သေချာပြင်ဆင်ထားလေ့ရှိပါတယ်။

ရော်နယ်ဒိုအနေနဲ့ ဒီလနှောင်းပိုင်းမှာ ယူနိုက်တက်နဲ့အတူ ပူးပေါင်းဖို့အတွက် ဗြိတိန်ကို ပြန်လည်ရောက်ရှိလာမှာဖြစ်ပါတယ်။ ဒီမတိုင်ခင်မှာ အခုလိုပဲ သူသဘောကျတဲ့ ဘူဂါတ်တီကား မတော်တဆဖြစ်ပွားခဲ့တာက ရော်နယ်ဒိုအတွက် စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အတူနေချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ်၊ သားသမီးတွေနဲ့အတူ အပန်းဖြေအနားယူနေတာပါ။

ရော်နယ်ဒိုဟာ ယူနိုက်တက် လေ့ကျင့်ရေးကွင်းကို လာရောက်ချိန်မှာလည်း လမ်ဘော်ဂီနီ၊ Range Rover တို့ကို ကိုယ်တိုင်မောင်းနှင်လာလေ့ရှိပြီး သူ့ရဲ့ကိုယ်ရံတော်နှစ်ယောက်ကတော့ Range Rover ကားတစီးနဲ့အတူ ရော်နယ်ဒိုကို အမြဲတမ်းလိုက်ပါစောင့်ရှောက်လေ့ရှိပါတယ်။ 

Share

က္က