၁၉၆၀ နောက်ပိုင်းမှာ ရော်နယ်ဒိုက ပြက္ခဒိန်တနှစ်အတွင်း စီးရီးအေသွင်းဂိုး ၃၃ ဂိုးအထိ ရရှိတဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။
ဆာဆူအိုလိုနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ဖီအိုရင်တီးနားအတွက် ပထမချေပဂိုးကို သွင်းယူပေးခဲ့ပြီးနောက် တိုက်စစ်မှူးဗလာဟိုဗစ်ဟာ ဂျူဗီကစားသမားဘ၀မှာ ရော်နယ်ဒိုတင်ထားခဲ့တဲ့ စံချိန်ကို အမီလိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ၁၉၆၀ နောက်ပိုင်းမှာ ရော်နယ်ဒိုက ပြက္ခဒိန်တနှစ်အတွင်း စီးရီးအေသွင်းဂိုး ၃၃ ဂိုးအထိ ရရှိတဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။
အဆိုပါမှတ်တမ်းကို ဗလာဟိုဗစ်က တစ်နှစ်အကြာမှာပဲ လိုက်မီသွားခဲ့တာဖြစ်ပြီး ဂုဏ်ယူဖွယ်ရာစံချိန်ဖြစ်လာခဲ့ပါတယ်။ အသက် ၂၁နှစ်သာရှိသေးတဲ့ ဆာဘီးယားတိုက်စစ်မှူးဟာ ဖီအိုရင်တီးနားအတွက် တော်တော်လေးခြေစွမ်းပြနေတာဖြစ်ပြီး ဥရောပထိပ်တန်းကလပ်တွေအပြင် ငွေကြေးကြွယ်၀လာတဲ့ နယူးကာဆယ်လိုအသင်းကပါ ပေါင်သန်း ၁၀၀ အထိပေးပြီး ခေါ်ယူဖို့စိတ်ဝင်စားလာတဲ့အထိ ဖြစ်လာခဲ့ပါတယ်။
ဒီရာသီ ၁၈ ပွဲကစားအပြီးမှာ ဗလာဟိုဗစ်က ၁၆ ဂိုးသွင်းကာ ၂ကြိမ်ဖန်တီးပေးထားလို့ တပွဲကိုတဂိုးနှုန်း တိုက်ရိုက်ပါဝင်ပတ်သက်နေခဲ့တာလည်းဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၆ ပွဲဆက်တိုက်မှာလည်း ဂိုးရရှိခဲ့ပြီး စုစုပေါင်း ၈ ဂိုးအထိ သွင်းယူနိုင်ခဲ့လို့ ရော်နယ်ဒိုရဲ့ စံချိန်ကို လျင်လျင်မြန်မြန်ပဲ အမီလိုက်နိုင်ခဲ့ကာ နှစ်မကုန်ခင်ကစားရဖို့ ကျန်နေသေးတဲ့ ဗီရိုနာနဲ့ပွဲက သူ့အတွက် စံချိန်သစ်တင်နိုင်မယ့် အခွင့်အရေးအဖြစ်ရှိလာခဲ့ပါတယ်။
အဆိုပါပွဲမှာသာ ဂိုးသွင်းနိုင်ခဲ့မယ်ဆိုရင် သူက ပြက္ခဒိန်တနှစ်အတွင်း စီးရီးအေသွင်းဂိုး ၃၄ ဂိုးအထိ ရရှိမယ့် ကစားသမားအဖြစ် မှတ်တမ်းဝင်လာတော့မှာဖြစ်ပါတယ်။ လက်ရှိမှာ သူ ပြသနေတဲ့ ခြေစွမ်းတွေအရဆိုရင်တော့ ဗီရိုနာကို ဂိုးသွင်းယူနိုင်ဖို့က ခက်ခဲမှာမဟုတ်ဘဲ သေချာပေါက်ဂိုးသွင်းယူနိုင်တဲ့ အနေအထားမှာရှိနေလို့ ရော်နယ်ဒိုရဲ့ စံချိန်ကို ကျော်ဖြတ်သွားနိုင်မလားဆိုတာကို စောင့်ကြည့်ရတော့မှာလည်းဖြစ်ပါတယ်။