ရော်နယ်ဒိုကို သူက မနာလိုဖြစ်နေတယ်ဆိုတဲ့ မှတ်ချက်ပေးခံရမှုကို ဝိန်းရွန်နီက စိတ်ပျက်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒိုက သူ့အပေါ် ပြောဆိုခဲ့တာတွေကိုတော့ လူသိရှင်ကြားမှတ်ချက်ပေးမှာမဟုတ်ဘူးလို့ ရွန်နီက ဆုံးဖြတ်ထားကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။
ပီယာ့စ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ရော်နယ်ဒိုက ရွန်နီထက် သူက ရုပ်ရည်ပိုင်းပါ ပိုမိုသာလွန်တယ်လို့ ပြောဆိုခဲ့သလို ကစားသမားဘ၀မှာလည်း သူက ထိပ်တန်းအဆင့်မှာကစားနေဆဲဖြစ်ကာ ရွန်နီကတော့ စောစောစီးစီးအနားယူခဲ့ရလို့ သူ့အပေါ် မနာလိုဖြစ်နေတယ်ဆိုတဲ့ သဘောမျိုးကို ပြောဆိုခဲ့တာပါ။ ဒါဟာ သူ့ကိုဝေဖန်ခဲ့တဲ့ ရွန်နီကို ရော်နယ်ဒိုက ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့တာလည်းဖြစ်ပါတယ်။
လက်ရှိမှာ ဒီစီယူနိုက်တက်နည်းပြအဖြစ် တာဝန်ယူနေတဲ့ ရွန်နီက ရော်နယ်ဒိုက စပါးနဲ့ပွဲမှာ လူစားဝင်ကစားဖို့ ငြင်းဆန်ခဲ့မှုအပါအဝင် ပေါ်တူဂီသားရဲ့ အမူအကျင့်တွေကိုပါ ဝေဖန်ခဲ့တာပါ။ Sky Sports ရဲ့ ဖော်ပြချက်မှာတော့ "ရော်နယ်ဒိုက သူ့ကို တုံ့ပြန်ဝေဖန်မှုတွေအတွက် ရွန်နီက ဝမ်းနည်းနေပါတယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး လူသိရှင်ကြားပြောဆိုတာတွေမလုပ်ဖို့လည်း သူ ဆုံးဖြတ်ထားပါတယ်"
"ဒါပေမယ့် အင်္ဂလန်ရဲ့ ထာ၀ရဂိုးသွင်းအများဆုံးကစားသမားက ရော်နယ်ဒိုဟာ မက်ဆီနဲ့အတူ ကမ္ဘာ့အကောင်းဆုံးနှစ်ယောက်ထဲက တဦးဖြစ်တယ်ဆိုတာကို အမြဲတမ်းပြောဆိုနေတာကို နားလည်ထားရပါတယ်"
"ဒါပေမယ့် ရော်နယ်ဒိုအနေနဲ့ သူ့ရဲ့ကစားသမားဘ၀ နောက်ဆုံးကာလအနေအထားကို လက်ခံပြီး အသင်းအတွက် ပွဲတိုင်း၊မိနစ်တိုင်းကစားရဖို့ကို မမျှော်လင့်သင့်ဘူးလို့ သူ ခံစားနေရတယ်၊ ပြီးတော့ ရော်နယ်ဒိုအပေါ် သူ ရန်ငြိုးမထားဘူး" လို့ ဖော်ပြထားပါတယ်။