ယူနိုက်တက်ပရိသတ်တွေဟာ ချန်ပီယံလိဂ်အုပ်စုအဖွင့် နှစ်ပွဲဆက်တိုက်မှာ ရှုံးပွဲကြုံတွေ့ခဲ့တဲ့နောက် အသင်းရဲ့ ကစားသမားဟောင်း ရော်နယ်ဒိုကို ပြန်လည်လွမ်းဆွတ်နေကြပြီဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဒီရာသီ ကစားပြီးခဲ့တဲ့ ချန်ပီယံလိဂ်နှစ်ပွဲစလုံးမှာ ဘိုင်ယန်မြူးနစ်၊ ဂါလာတာစာရေးတို့ကို အရေးနိမ့်ခဲ့တာပါ။
ဒါဟာ ယူနိုက်တက်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ်မှာ အဖွင့်နှစ်ပွဲဆက်တိုက် ရှုံးပွဲကြုံတွေ့ခဲ့တာလည်း ဖြစ်ပါတယ်။ ကိုပင်ဟေဂင်နဲ့ပွဲမှာသာ နိုင်ပွဲမရှာဖွေနိုင်ခဲ့ဘူးဆိုရင် ယူနိုက်တက်တို့ အုပ်စုကနေ လှည့်ပြန်ရဖို့ တော်တော်လေး ရာခိုင်နှုန်းများသွားပါလိမ့်မယ်။
ဒီလိုအချိန်မှာပဲ ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရော်နယ်ဒိုတစ်ယောက် အသင်းကို ကယ်တင်ခဲ့တဲ့ဖြစ်ရပ်တွေက ပြန်လည် ရေပန်းစားလာခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက ရော်နယ်ဒိုဟာ ယူနိုက်တက်အတွက် ချန်ပီယံလိဂ်အုပ်စု (၆) ပွဲမှာ (၅) ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။
ဗီလာရီးရဲလ်ကို ဒရာမာဆန်ဆန်အနိုင်ရရှိခဲ့တဲ့ပွဲ၊ အတ္တလန်တာနဲ့ အိမ်ကွင်း၊ အဝေးကွင်းပွဲတွေမှာ ရော်နယ်ဒိုက အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးတွေ သွင်းယူပေးခဲ့ပြီး ရှုံးထွက်အဆင့်ကို တက်ရောက်စေခဲ့ပါတယ်။ လက်ရှိ ယူနိုက်တက်မှာတော့ ရော်နယ်ဒိုလိုမျိုး ကယ်တင်ပေးနိုင်မယ့်၊ အဆုံးအဖြတ်ပေးနိုင်မယ့် ကစားသမားက ပျောက်ဆုံးနေခဲ့ပါတယ်။
အဲ့ဒါကြောင့်လည်း အချိန်ကိုက်ဆိုသလို ယူနိုက်တက်ပရိသတ်တွေက ရော်နယ်ဒိုရဲ့ ချန်ပီယံလိဂ်ညချမ်းကယ်တင်မှုတွေကို ပြန်လည်အမှတ်ရနေကြတာဖြစ်ပါတယ်။ ဒါ့အပြင် ဂါလာတာစာရေးကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာလည်း ယူနိုက်တက်ပရိသတ်တွေရဲ့ အချစ်တော် ဒီဂီယာတစ်ယောက် တွစ်တာမှာ Trending ဖြစ်ခဲ့ပြီး ယူနိုက်တက်ပရိသတ်တွေက ဒီဂီယာကိုလည်း ပြန်လည်လွမ်းဆွတ်နေကြရပါတယ်။