ရော်နယ်ဒိုရဲ့ ငယ်ဘဝအသင်းဖြစ်တဲ့ စပို့တင်းလစ္စဘွန်းဒါရိုက်တာ ဟူဂိုဗီယာနာက ရော်နယ်ဒိုရဲ့အနာဂတ်နဲ့ ပတ်သက်လို့ ဘယ်သူမှကြိုမသိနိုင်တဲ့အကြောင်း ပြောကြားလာပါတယ်။ စပို့တင်းလစ္စဘွန်းဟာ ရော်နယ်ဒိုသာ လက်ရှိနွေမှာ ယူနိုက်တက်ကနေ ထွက်ခွာမယ်ဆိုရင် ကမ်းလှမ်းဖို့ ပြင်ဆင်ထားကြောင်း အသိပေးထားတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။
ရော်နယ်ဒိုဟာ ယူနိုက်တက်နဲ့ လာမယ့်ရာသီတရာသီစာအတွက် စာချုပ်သက်တမ်း ကျန်ရှိနေပါသေးတယ်။ ဒါပေမယ့် ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုတွေအပေါ် ရော်နယ်ဒိုက ကျေနပ်အားရမှုမရှိဘဲ အသင်းကနေထွက်ခွာဖို့ စဥ်းစားနေတယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။ ဗီယာနာဟာ ရော်နယ်ဒိုရဲ့ အသင်းဖော်ဟောင်းတယောက်လည်းဖြစ်ပါတယ်။
ရော်နယ်ဒိုနဲ့ပတ်သက်လို့ ဗီယာနာက “ရော်နယ်ဒို စပို့တင်းလစ္စဘွန်းကိုပြန်လာဖို့က အခုချိန်မှာဖြစ်နိုင်တယ်လို့ ကျနော်မထင်ပါဘူး။ ဒါပေမယ့် ကျနော်တို့ ကြိုသိနိုင်တာ ဘာများရှိလို့လဲ။ ရော်နယ်ဒိုက သူဘယ်အသင်းကိုသွားမယ်ဆိုတာ သူကိုယ်တိုင် ဆုံးဖြတ်နိုင်စွမ်းရှိတာပဲလေ။ အနာဂတ်ကို ဘယ်သူမှကြိုမသိပါဘူး”
“ဒီအကြောင်းကို ကျနော်အများကြီး မပြောချင်ပါဘူး။ ဘာလို့လဲဆိုတေတာ့ ကျနော်တို့ ရော်နယ်ဒိုအကြောင်းကို ပြောဖို့က အတော်လေး မတူကွဲပြားမှုတွေရှိနေပါတယ်။ သူ ယူနိုက်တက်နဲ့ တနှစ်လောက် စာချုပ်သက်တမ်းကျန်ဦးမယ်ထင်ပါတယ်။ ဒီတော့ သူ ဘယ်လိုဆုံးဖြတ်ပါစေ၊ ကျနော်တို့ စောင့်ကြည့်ရမှာပါ” လို့ ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာလည်း ရော်နယ်ဒို စပို့တင်းလစ္စဘွန်းကိုပြန်ဖို့က လက်တွေ့မကျတဲ့ကိစ္စတရပ်လို့ဆိုနိုင်ပါတယ်။ အဆိုပါပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင်ကြီးက ကစားသမားဘဝ အဆုံးမသတ်ခင် ချန်ပီယံလိဂ်ဖလားရယူဖို့ ပစ်မှတ်ထားနေပြီး ဆုဖလားအောင်မြင်မှုတွေနဲ့သာ ကစားသမားဘဝကို အနားယူလိုနေပါတယ်။