ဒီပရိသတ်ကတော့ ရော်နယ်ဒိုရှေ့မှာ လုပ်ချင်တာ အကုန်လုပ်သွားခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ပေါ်တူဂီနဲ့ ဘော့စနီးယားတို့ရဲ့ ယူရို-၂၀၂၄ ခြေစစ်ပွဲရဲ့ ပွဲချိန်အတွင်း ရော်နယ်ဒိုအတွက် ရယ်ရခက်၊ ငိုရခက်အဖြစ်မျိုးနဲ့ ကြုံခဲ့ရပါတယ်။ အဲ့ဒါကတော့ ဒုတိယပိုင်းမှာ ပရိသတ်တစ်ယောက်က ကွင်းအတွင်း ကျူးကျော်ဝင်ရောက်လာပြီး ရော်နယ်ဒိုကို ချဥ်းကပ်ခဲ့တာပဲဖြစ်ပါတယ်။



ပေါ်တူဂီအလံကို ခြုံထားပြီး နောက်အလံတစ်ခုကို လက်မှာကိုင်ထားတဲ့ ပေါ်တူဂီပရိသတ်ဟာ ရော်နယ်ဒိုကို ပြေးပွေ့ဖက်ခဲ့ပါတယ်။ အဲ့ဒီနောက် သူက ရော်နယ်ဒိုရှေ့မှာ ဒူးထောက်ကာ ရော်နယ်ဒိုရဲ့ ခြေထောက်တွေကို နမ်းရှုံ့ခဲ့ဟန်ရှိပါတယ်။ ဒီပရိသတ်ရဲ့ လုပ်ရပ်တွေက ဒီလောက်နဲ့ မရပ်တန့်ခဲ့ပါဘူး။


ဒူးထောက်ရာကနေ ပြန်ထတဲ့နေရာမှာ ရော်နယ်ဒိုကိုပါ ခြေထောက်နှစ်ချောင်းကနေ ဆွဲ မ ချီသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ရော်နယ်ဒိုရဲ့ နာမည်ကျော် အောင်ပွဲခံဟန်တစ်ခုဖြစ်တဲ့ Siu နဲ့ အောင်ပွဲခံသွားခဲ့ပါတယ်။ ဒါကတော့ အဆိုပါပရိသတ်ရဲ့ နောက်ဆုံးသော နှုတ်ဆက်မှုဖြစ်ခဲ့ပြီး ကွင်းလုံခြုံရေးတွေ ရောက်လာခဲ့တာကြောင့် ဆက်လက်ထွက်ပြေးသွားခဲ့ပါတယ်။

ဒီဖြစ်ရပ်မှာတော့ တစ်ဦးတစ်ယောက်မျှ ဒဏ်ရာရရှိခဲ့ခြင်းမရှိဘဲ ရော်နယ်ဒိုကိုယ်တိုင်လည်း ဒီဖြစ်ရပ်အပေါ် စိတ်ဆိုးမာန်ဆိုးဖြစ်ခဲ့တာမျိုး မရှိဘူးလို့ ပရိသတ်တွေက သုံးသပ်နေကြပါတယ်။ ဒါပေမယ့်လည်း အဆိုပါ ပရိသတ်က ရော်နယ်ဒိုရဲ့ရှေ့မှာ သူ့စိတ်ကြိုက်အရာတွေကို စိတ်တိုင်းကျ ပြုလုပ်ဖို့ အချိန်ရရှိခဲ့ပြီး အချို့ ပရိသတ်တွေကလည်း လုံခြုံရေးလျော့ရဲမှုကို အပြစ်တင်နေကြပါတယ်။

ဒုတိယပိုင်းစတင်ပြီး (၁၀) မိနစ်အကြာမှာ ဖြစ်ပွားခဲ့တဲ့ အခု ဖြစ်ရပ်ကြောင့် ပွဲကို ခေတ္တခဏသာ ရပ်နားခဲ့ရပါတယ်။ ဒီပွဲဟာ ရော်နယ်ဒိုအတွက် နိုင်ငံတကာ ကစားသမားဘဝ (၁၉၉) ပွဲဖြစ်ခဲ့ပါတယ်။ ပေါ်တူဂီက ဘော့စနီးယားကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပေါ်တူဂီအတွက် ဂိုးတွေကို ဘာနာဒိုဆေးလ်ဗား၊ ဘရူနိုဖာနန်ဒက်စ်က နှစ်ဂိုးသွင်းယူပေးခဲ့ပြီး ရော်နယ်ဒိုကတော့ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပါဘူး။ 

Share

Loading Next Article...
က္က