မနေ့ညက ပေါ်တူဂီနဲ့ ချက်တို့ရဲ့ ယူရို-၂၀၂၄ ပွဲစဉ်မှာ ရော်နယ်ဒိုရဲ့အောင်ပွဲခံဟန်ကို ပရိသတ်တွေက အဆင့်မရှိတဲ့ လုပ်ရပ်အဖြစ် ပြစ်တင်ဝေဖန်နေကြပါတယ်။ ဒီပွဲမှာ ပေါ်တူဂီက ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ဦးဆောင်ဂိုးအရင်ရခဲ့တာက ချက်ဖြစ်ပြီး ပေါ်တူဂီက နောက်ကလိုက်ကစားပြီး နောက်ကျဂိုးနဲ့ အနိုင်ယူခဲ့တာပါ။ ဒီလိုမျိုး ပေါ်တူဂီအတွက် နောက်ကျဂိုးကို ကွန်ဆီကာအို သွင်းယူလိုက်ချိန်မှာ ရော်နယ်ဒိုက ပြိုင်ဘက်ဂိုးသမားကို လှောင်ပြောင်ခဲ့တာပါ။
ကွန်ဆီကာအိုနဲ့အတူ အောင်ပွဲခံဖို့ ပြေးသွားချိန်မှာ ရော်နယ်ဒိုက ထိုင်လျက်သားရှိနေတဲ့ ချက်ဂိုးသမားကြီးကို လှောင်ပြောင်အောင်ပွဲခံသွားခဲ့သေးတာပါ။ ဒီလိုမျိုး ရော်နယ်ဒိုရဲ့ လုပ်ရပ်ကို ပရိသတ်တွေကတော့ ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်နေကြပါတယ်။
ပရိသတ်တွေက “ဒါအဆင့်မရှိတဲ့လုပ်ရပ်ပါ” “ပြိုင်ဘက်ကစားသမားကို ဒါမျိုးလုပ်ဖို့ မလိုအပ်ပါဘူး။ ဒါကကြည့်မကောင်းတဲ့ လုပ်ရပ်ပါ” “မက်ဆီ ဘယ်တုန်းက ပြိုင်ဘက်ကို ဒါမျိုးလုပ်တာ မြင်ဖူးလဲ။ အဲ့ဒါကြောင့်ပဲ မက်ဆီက ထာဝရအကောင်းဆုံးဖြစ်နေတာ”
“ရော်နယ်ဒိုက အားကစားစိတ်ဓာတ်မရှိဆုံး ကစားသမားပဲ”လို့ အသီးသီး ဝေဖန်ပြစ်တင်ခဲ့ကြပါသေးတယ်။ ရော်နယ်ဒိုဟာ ဒီပွဲမှာ ဂျိုတာရဲ့ သွင်းဂိုးအတွက် ဖန်တီးပေးခဲ့သေးပေမယ့် လူကျွံနေခဲ့လို့ နစ်နာခဲ့ရပါတယ်။