လက်ရှိ ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုရဲ့သား ခရစ္စတီယာနို ဂျူနီယာနဲ့ ယူနိုက်တက်တိုက်စစ်မှူးဟောင်း ရွန်းနီရဲ့ သား ကိုင်ရွန်းနီတို့ဟာ ယူနိုက်တက် ယူ-၁၂ အသင်းမှာ အသင်းဖော်တွေအဖြစ် တွဲကစားလျက်ရှိပါတယ်။ ရွန်းနီနဲ့ရော်နယ်ဒိုတို့နှစ်ယောက်ဟာ ယူနိုက်တက်မှာ အကောင်းဆုံး အတွဲညီခဲ့ကြတဲ့ အသင်းဖော်တွေပါ။
အခု သူတို့ရဲ့မျိုးဆက်ကလည်း တယောက်နဲ့တယောက် အတွဲညီညီနဲ့ ခြေစွမ်းပြနေပြီလို့ ဆိုရမှာပါ။ ခရစ္စတီယာနိုဂျူနီယာနဲ့ ကိုင်ရွန်းနီတို့ဟာ ယူနိုက်တက် ယူ-၁၂ မှာ တသင်းတည်း ကစားနေကြပြီး ဂိုးတွေလည်း သွင်းယူလျက်ရှိတယ်လို့ သိရှိရပါတယ်။
ယူနိုက်တက် ယူ-၁၂ နဲ့ ဝက်စ်ဘရွန်း ယူ-၁၂ တို့ တနင်္ဂနွေက ကစားခဲ့တဲ့ပွဲမှာ ယူနိုက်တက် ယူ-၁၂ အသင်းက အနိုင်ရရှိခဲ့ပြီး ပိုမိုကျေနပ်စရာကောင်းခဲ့တာကတော့ ဒီပွဲမှာ ဂျူနီယာနဲ့ကိုင်ရွန်းနီတို့ နှစ်ယောက်လုံး ဂိုးသွင်းနိုင်ခဲ့တာပါ။ အင်စတာဂရမ်အကောင့်တခုက "ခရစ္စတီယာနိုဂျူနီယာနဲ့ ကိုင်ရွန်းနီတို့ နှစ်ယောက်လုံး မနေ့က (တနင်္ဂနွေ) ယူနိုက်တက် ယူ-၁၂ ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်”
“ကိုင်ရွန်းနီက ဒီလအတွင်း (၅) ပွဲ ကစားပြီးချိန်မှာ (၁၀) ဂိုး သွင်းယူနိုင်ခဲ့ပါတယ်” လို့ ရေးသားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ယူနိုက်တက်ကို တကျော့ပြန် ရောက်ရှိလာခဲ့တာပါ။ သူနဲ့ အတူ သားဖြစ်သူ ခရစ္စတီယာနို ဂျူနီယာလည်း လိုက်ပါလာခဲ့ပါတယ်။
ဂျူနီယာရော၊ ကိုင်ရွန်းနီရော နှစ်ယောက်လုံးက ယူနိုက်တက် အကယ်ဒမီကနေ တောက်ပလာမယ့် ကစားသမားတွေအဖြစ် သတ်မှတ်ခံထားရပါတယ်။ အဲ့ဒါကြောင့်လည်း ရော်နယ်ဒိုနဲ့ရွန်းနီတို့ရဲ့ ခြေရာကို သူတို့ရဲ့ သားနှစ်ယောက် လိုက်နင်းနိုင်ဖို့ ပရိသတ်တွေက မျှော်လင့်ထားကြပါတယ်။