ရော်နယ်ဒိုရဲ့ ယူနိုက်တက်ကို ပြန်လည်ပြောင်းရွှေ့လာမှုအပေါ် လိုသာမားသီးယပ်စ်က သုံးသပ်ပေးသွားခဲ့တာပါ။
ဂျာမနီဘောလုံးလောကရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီး လိုသာမားသီးယပ်စ်က ယူနိုက်တက်ကို ပြန်လည်ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တဲ့ ရော်နယ်ဒိုရဲ့ ဆုံးဖြတ်ချက်အပေါ် သဘောကျနှစ်သက်မိတယ်လို့ဆိုပါတယ်။


ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ဂျူဗင်တပ်စ်ကို စွန့်ခွာဖို့ အထူးဆန္ဒပြင်းပြခဲ့ပြီး PSG၊ မန်စီးတီး၊ ရီးရဲယ်မက်ဒရစ်တို့လို အသင်းတွေနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ ဒါပေမယ့် နောက်ဆုံးမှာတော့ ရော်နယ်ဒိုဟာ သူ့နှလုံးသားတည်ရှိရာ အိုးထရက်ဖို့ဒ်ကိုပဲ ဆိုက်ဆိုက်မြိုက်မြိုက် ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။


ရော်နယ်ဒိုဟာ ယူနိုက်တက်အတွက် ပထမဆုံးပြန်လည်ကစားပေးထားတဲ့ ပြိုင်ပွဲစုံ (၃) ပွဲလုံးမှာ အိမ်ကွင်း၊ အဝေးကွင်း၊ ပြိုင်ပွဲမရွေးဘဲ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒီ (၃) ပွဲမှာ (၄) ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာပါ။ ရော်နယ်ဒို ချန်ထားရစ်ခဲ့တဲ့ ဂျူဗင်တပ်စ်ကတော့ ရလဒ်ဆိုးတွေနဲ့အတူ လက်ရှိရာသီမှာ လိဂ်နိုင်ပွဲတစ်ပွဲမှမရှိသေးဘဲ တန်းဆင်းဇုန်ထဲမှာ ရုန်းကန်နေရပါတယ်။


ဒီလိုမျိုးရော်နယ်ဒိုတစ်ယောက် ဂျူဗင်တပ်စ်ကို စွန့်ခွာပြီး ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တာ မှန်ရဲ့လားဆိုတဲ့ မေးခွန်းအပေါ် လိုသာမားသီးယပ်စ်က “ကျွန်တော်ကတော့ ရော်နယ်ဒိုရဲ့ ဒီအပြောင်းအလဲကို သဘောကျပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ရိုးရှင်းတဲ့အရာတွေကို မလုပ်ချင်တဲ့လူတစ်ယောက်မို့လို့ပါ။”

“သူက အခုဆိုရင် ကမ္ဘာပေါ်က အကောင်းဆုံးလိဂ်တစ်ခုကို ပြန်လည်ရောက်ရှိသွားခဲ့ပြီး (၄) ဂိုးသွင်းပြီးသွားပါပြီ။ နောက်ပြီးတော့ သူက ခြေစွမ်းတွေလည်း ပြသနေပါတယ်။” လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။ အသက် (၃၆) နှစ်အရွယ် ရော်နယ်ဒိုကတော့ ဒီလိုမျိုးခြေစွမ်းကောင်းတွေပြသနေပေမယ့် သူနဲ့ခေတ်ပြိုင်ကစားသမား မက်ဆီကတော့ PSG မှာခြေစွမ်းပြသဖို့ ရုန်းကန်နေရပြီး လက်ရှိအချိန်မှာလည်း ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။ 

Share

က္က