ဆော်ဒီကလပ် အယ်လ်နာဆာကို ကိုင်တွယ်ရမယ့် နည်းပြသစ်အနေနဲ့ ရာထူးကနေ အချိန်မရွေးထုတ်ပယ်ခံရနိုင်တယ်ဆိုတာကို သတိထားဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ အကြောင်းရင်းကတော့ ၂၀၁၉ ကစကာ ရော်နယ်ဒိုနဲ့အတူ လက်တွဲခဲ့ကြတဲ့ နည်းပြပေါင်း ၇ ဦးအထိ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရလို့ဖြစ်ပြီး အဆိုပါမှတ်တမ်းနဲ့အတူ အခုလိုမျိုး သတိပေးမှုတွေ ထွက်ပေါ်လာခဲ့တာပါ။
ရီးရဲလ်မက်ဒရစ်ကနေ ဂျူဗင်တပ်စ်ကို ရော်နယ်ဒိုပြောင်းရွှေ့ခဲ့ပြီးနောက် ၃ ရာသီကစားခဲ့ရာမှာ နည်းပြအယ်လီဂရီ၊ ဆာရီ၊ ပီယာလိုတို့ ၃ ဦးနဲ့ ဆုံဆည်းခဲ့ရပါတယ်။ အဆိုပါနည်းပြတွေအားလုံး ဂျူဗီနည်းပြအဖြစ်ကနေ ထုတ်ပယ်ခံခဲ့ရပြီး ၂၀၂၂ မှာတော့ ရော်နယ်ဒိုက အသင်းဟောင်းမန်ချက်စတာယူနိုက်တက်ကို ပြန်လည်ရောက်ရှိခဲ့ကာ အသင်းဖော်ဟောင်း ဆိုးလ်ရှားကို နည်းပြအဖြစ်နဲ့ ပြန်လည်လက်တွဲခဲ့ရပါတယ်။
ယူနိုက်တက်မှာ ရော်နယ်ဒိုက ၂ရာသီသာ ကစားခဲ့ပေမယ့်လည်း နည်းပြတွေအဖြစ် ဆိုးလ်ရှား၊ ရန်းဂ်နစ်တို့နဲ့ တွေ့ကြုံခဲ့ပြီး အဆိုပါ ၂ ဦးစလုံးလည်း ရာထူးကထုတ်ပယ်ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားအပြီးမှာလည်း ပေါ်တူဂီနည်းပြဖာနန်ဒိုဆန်းတို့စ် ထုတ်ပယ်ခံခဲ့ရပြီး အခုနောက်ဆုံးအကြိမ်အဖြစ် အယ်လ်နာဆာမှာ ရူဒီဂါစီယာ ထုတ်ပယ်ခံခဲ့ရပါတယ်။
နည်းပြရူဒီဂါစီယာကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် အယ်လ်နာဆာဟာ နည်းပြသစ်အဖြစ် ဇီဒန်း ဒါမှမဟုတ် မော်ရင်ဟိုတို့ နှစ်ဦးထဲက တဦးကို ခန့်အပ်သွားဖို့ ပစ်မှတ်ထားနေပါတယ်။ အဆိုပါ နည်းပြနှစ်ဦးအတွက် တနှစ်ကို ယူရိုသန်း ၁၀၀ အထိ လုပ်ခလစာပေးဖို့လည်း အယ်လ်နာဆာက အသင့်ဖြစ်နေပြီး အဓိကအနေနဲ့ကတော့ ရော်နယ်ဒိုနဲ့ အဆင်ပြေမယ့် နည်းပြမျိုးကို ဦးစားပေးရွေးချယ်သွားမှာဖြစ်ပါတယ်။
အဆိုပါနည်းပြနှစ်ဦးစလုံးဟာ ရော်နယ်ဒိုနဲ့ လက်တွဲခဲ့ဖူးသူတွေဖြစ်ပြီး အဆိုပါအချိန်တုန်းက ဆက်ဆံရေးပိုင်းကောင်းမွန်ခဲ့သူတွေဖြစ်ပါတယ်။ ဇီဒန်းကတော့ ရော်နယ်ဒိုနဲ့ နှစ်အတန်ကြာ လက်တွဲခဲ့ပြီး အောင်မြင်မှုအများအပြားရယူနိုင်ခဲ့ကာ ပေါ်တူဂီကစားသမားကို ဦးစားပေးသူအဖြစ် ပရိသတ်တွေ သိရှိခဲ့ကြသလို သူတို့နှစ်ဦးကြားမှာ အပြန်အလှန်လေးစားမှုတွေရှိတဲ့ ဆက်ဆံရေးကောင်းကို ပိုင်ဆိုင်ခဲ့ပါတယ်။