အာလင်း ဟာလန်းဟာ အင်တာဗျူးအသစ်ထဲမှာ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေနဲ့ ယှဉ်ပြိုင်မှုတွေ ဖြစ်လာနိုင်လားဆိုတာကို ဆွေးနွေးခဲ့ပါတယ်။
နော်ဝေတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဒေါ့မွန်ကနေ မန်ချက်စတာစီးတီးကို ပေါင် ၅၁.၅ သန်းနဲ့ ပြောင်းရွှေ့လာပြီးနောက် ပရီးမီးယားလိဂ်မှာ တောက်ပတဲ့ စတင်မှုကို ပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အာလင်း ဟာလန်းဟာ ယခုရာသီပရီးမီးယားလိဂ် ၁၃ ပွဲမှာ ၁၈ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပွဲဦးထွက်ရာသီမှာ ရွှေဖိနပ်ဆုရရှိတဲ့ တတိယမြောက် ကစားသမားဖြစ်လာမယ့် လမ်းကြောင်းပေါ်မှာ ရှိနေတာဖြစ်ပါတယ်။
ဟာလန်းရဲ့ ကောင်းမွန်တဲ့ ခြေစွမ်းကြောင့် အများစုက နောက်ထပ် ထိပ်တန်းတိုက်စစ်မှူးဖြစ်တဲ့ အမ်ဘာပေနဲ့ ရော်နယ်လ်ဒို-မက်ဆီ ယှဉ်ပြိုင်မှုပုံစံလိုမျိုး ဖြစ်လာနိုင်တယ်လို့ ထင်ကြေးပေးခဲ့ကြတာဖြစ်ပါတယ်။ ယခုဆောင်းရာသီကမ္ဘာ့ဖလားပြိုင်ပွဲတလျှောက်လုံး ကောင်းကောင်းအနားယူနေခဲ့ရတဲ့ ဟာလန်းဟာ မကြာသေးမီက Viaplay နဲ့ အင်တာဗျူးမှာ အဲဒီအကြောင်းအရာနဲပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။
"အဲဒီလို ပြောဖို့ မဖြစ်နိုင်ပါဘူး။ ကျွန်တော်က ကျွန်တော့်ကို တခြားလူတွေနဲ့ နှိုင်းယှဉ်တာမျိုး မကြိုက်ဘူး။ အဲဒီကိစ္စနဲ့ပတ်သက်လာရင် ခင်ဗျားက ခင်ဗျားကိုယ်ပိုင်ပုံစံနဲ့ ကစားသမားဖြစ်နေဖို့ လိုတယ်လို့ ထင်ပြီး ကျွန်တော်က နှိုင်းယှဉ်ရတာ ဒါမှမဟုတ် အဲဒီလိုမျိုး လုပ်ရတာ ဘာတစ်ခုမှ မနှစ်သက်ပါဘူး။ မီဒီယာတွေက ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ကို ပြီးခဲ့တဲ့ ၁၀ နှစ်စလုံး အဲဒီလို လုပ်ခဲ့ကြတယ်လို့ ထင်ပြီး သူတို့ကလည်း တစ်ယောက်နဲ့တစ်ယောက် တွန်းအားပေးခဲ့ကြတယ်လို့ ထင်ပါတယ်။ အဲဒါက အပေါင်းလက္ခဏာဆောင်တဲ့အရာဖြစ်ခဲ့တယ်လို့ ထင်တယ်"
"ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ကလည်း တစ်သင်းနဲ့တစ်သင်း အပြိုင်အဆိုင်ဖြစ်ခဲ့ပါတယ်။ အဲဒါက ပြီးပြည့်စုံတဲ့ ယှဉ်ပြိုင်မှုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အမ်ဘာနဲ့ ကျွန်တော်က မက်ဆီနဲ့ ရော်နယ်လ်ဒိုလိုမျိုး ပြိုင်ဆိုင်မှု ပုံစံဖြစ်လာမယ့်ကိစ္စကို ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော် အဲဒီအကြောင်း မတွေးပါဘူး"လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။