ယနေ့ည ၉ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မော်ရိုကိုနဲ့ ပေါ်တူဂီတို့ရဲ့ပွဲစဉ်မှာ မော်ရိုကိုက ၁-၀ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
ပထမပိုင်းစစချင်းမှာ ပေါ်တူဂီအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ တိုက်စစ်ဆင်ခဲ့ပြီး မော်ရိုကိုအသင်းကတော့ ခံစစ်အထိ ဆင်းပိတ်ပြီး တန်ပြန်တိုက်စစ်ပုံစံနဲ့ ကစားခဲ့ပါတယ်။ ပေါ်တူဂီအသင်းဟာ ဂိုးပေါက်ရှေ့မှာ အခွင့်အရေးအများအပြား ဖန်တီးနိုင်ခဲ့ပေမယ့်လည်း ဂျာအို ဖီလစ် ဖြုန်းတီးနေခဲ့တာကြောင့် ပေါ်တူဂီတို့ ဂိုးပေါက်ရှာမတွေ့ခဲ့ဘဲ မော်ရိုကိုအသင်းက တစ်ချက်တစ်ချက် အန္တရာယ်ရှိတဲ့ အငိုက်ဖမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ပထမပိုင်း ပြီးဆုံးခါနီးအထိ တစ်ဖက်နဲ့တစ်ဖက် ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိသရေနဲ့ ပွဲပြီးဆုံးတော့မယ့်ပုံပေါ်ခဲ့ပေမယ့်လည်း ၄၃ မိနစ်မှာ ယူဆွတ်ဖ် အန်နက်စရီက အတ်တီယတ် အလ္လာ ဘယ်တောင်ပံကနေ ဖြတ်တင်လိုက်တဲ့ဘောလုံးကို အလွန်ကောင်းမွန်တဲ့ အမြင့်ခုန် ခေါင်းတိုက်ချက်နဲ့အတူ ပေါ်တူဂီဂိုးသမား ကော်စတာကို အလဲထိုးပြီး ဂိုးသွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ အခြေအနေမကောင်းတော့တဲ့ ပေါ်တူဂီအသင်းဟာ ကန်ဆယ်လိုနဲ့ ရော်နယ်လ်ဒိုတို့ကို ထည့်သွင်းကစားခဲ့ရပြီး ပေါ်တူဂီအသင်းက ကစားပုံ အနည်းငယ်ပိုမိုကောင်းမွန်လာခဲ့ပေမယ့်လည်း ဆွစ်ဇာလန်နဲ့ပွဲက ဟက်ထရစ်သွင်းဂိုးရှင် ရာမို့စ် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ဘဲ ဖြုန်းတီးနေခဲ့တဲ့အတွက် ရာဖေးလ် လီအိုနဲ့ လူစားလဲလှယ်ခြင်းခံခဲ့ရပါတယ်။
ပေါ်တူဂီအသင်းဟာ ပွဲကစားချိန် နောက်ဆုံးမိနစ် ၂၀ မှာ တရစပ် ဖိအားပေးတိုက်စစ်ဆင်မှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း ဂိုးအဖြစ် ပြောင်းလဲနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ပွဲကစားချိန် မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပို ၁ မိနစ်မှာ ရော်နယ်လ်ဒို အပိုင်ကန်သွင်းခွင့် ရရှိခဲ့ပေမယ့်လည်း မော်ရိုကို ဂိုးသမားက ပုတ်ထုတ်ကာကွယ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ မော်ရိုကိုအသင်းဟာ ပွဲပြီးဆုံးခါနီးအထိ ခံစစ်စုဖွဲ့မှု မာကျောတဲ့အသင်းဆိုတာကို ပြသခဲ့ပြီး ၉၂ မိနစ်မှာ ချက်ဒီရာ ဂျာအို ဖီလစ်ကို ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်က ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခဲ့တာကြောင့် အချိန်ပို လက်ကျန် ၅ မိနစ်ကို တစ်ယောက်လျော့နဲ့ ဆက်လက် ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
မော်ရိုကိုအသင်းဟာ နာကျင်အချိန်ပို ၅ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေတဆင့် ဂိုးသမားနဲ့ တစ်ဦးချင်း အပိုင် ဂိုးသွင်းခွင့်ရရှိခဲ့ပေမယ့်လည်း ကော်စတာက ရှေ့ထွက်ကာကွယ်နိုင်ခဲ့တာကြောင့် ပေါ်တူဂီတို့ နောက်ထပ်ဦးဆောင်ဂိုး ခွင့်မပြုခဲ့ရတာဖြစ်ပါတယ်။ ပေါ်တူဂီအသင်းဟာ ပွဲကစားချိန်ကုန်ဆုံးဖို့ နီးကပ်လာလေ တရစပ်ဖိအားပေးကစားလေဖြစ်ပေမယ့်လည်း ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်းမရှိခဲ့တာကြောင့် မော်ရိုကိုအသင်းကပဲ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။