ဒေါ့မွန် မန်နေးဂျင်းဒါရိုက်တာ ကားစတန် ခရေမာက အသင်းအနေနဲ့ ပေါ်တူဂီကြယ်ပွင့်ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ခြင်းမရှိဘူးလို့ ပြောကြားခဲ့ပြီး ရော်နယ်လ်ဒိုကို ဝေဖန်ခဲ့ပါတယ်။
ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့နိုဝင်ဘာလမှာ ပီးယာ့စ် မော်ဂန်နဲ့ အငြင်းပွားဖွယ် အင်တာဗျူး ဖြေဆိုခဲ့ပြီးနောက် အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာခဲ့တာဖြစ်ပြီး ဘလွန်ဒေါ ၅ ဆုရှင်ဟာ အသင်းဖော်တွေဟောင်းတွေ၊ နည်းပြတန်ဟက်နဲ့ ဂလေဇာမိသားစုတို့ကို ပြစ်တင်ဝေဖန်ခဲ့တာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်း ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် အယ်လ်နာဆာအသင်းကို ဒီဇင်ဘာလကုန်မှာ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး တစ်နှစ်လုပ်ခလစာ ပေါင် ၁၇၃ သန်းနဲ့ ၂ နှစ်ခွဲ စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၈ နှစ်အရွယ် တိုက်စစ်မှူးက အယ်လ်နာဆာကို မပြောင်းရွှေ့ခင်မှာ ဥရောပအပါအဝင် ကမ္ဘာတလွှားက ကမ်းလှမ်းမှုတွေ အများအပြား ရရှိခဲ့တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒေါ့မွန်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ အိုင်းယက်စ်ကနေ တန်ဟက် ရောက်ရှိလာပြီးနောက် အိုးထရက်ဖို့ဒ်မှာ အနာဂတ်မရေမရာမှုတွေ ကြီးထွားလာတဲ့ ရော်နယ်လ်ဒိုကို ခေါ်ယူဖို့ သတင်းတွေ အခိုင်အမာ ထွက်ပေါ်ခဲ့တာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့် အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာပြီးနောက်မှာလည်း နောက်ထပ်တစ်ကြိမ် သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ခရေမာက လက်ရှိမှာတော့ ဒေါ့မွန်အသင်းနဲ့ ထွက်ပေါ်နေတဲ့ ကောလာဟလတွေအားလုံးကို ငြင်းပယ်လိုက်တာဖြစ်ပြီး ဒေါ့မွန်အသင်းရဲ့တန်ဖိုးက လူမှုကွန်ရက်ပေါ်က ပရိသတ်တွေအပေါ်မှာ မှီခိုတာမဟုတ်ဘူးလို့ ပြောကြားပြီး ရော်နယ်လ်ဒိုကို ပြစ်တင်ဝေဖန်လိုက်တာဖြစ်ပါတယ်။
"အခြေခံအားဖြင့် ဒေါ့မွန်အသင်းရဲ့ တန်ဖိုးက လူမှုကွန်ရက်ပေါ်ကပရိသတ်တွေအပေါ်မှာ မှီခိုတာမဟုတ်ပါဘူး။ ကျွန်တော်တို့က ဘောလုံးအသင်းဖြစ်ပြီး အဲဒါက အဓိကသော့ချက်ပဲ။ ကျွန်တော်တို့ ဈေးကွက်ထိုးဖောက်ရာမှာ အကောင်းဆုံးအကြံအစည်တွေ ရှိနိုင်ပေမယ့် ကျွန်တော်တို့ အိမ်ကွင်းမှာ ဖရိုင်းဘတ်ကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့ရင် အဲဒါက အလုပ်မဖြစ်ပါဘူး။ အကောင်းဆုံးအမှတ်တံဆိပ် တင်ဆက်မှုနဲ့တောင်မှ အရေးအကြီးဆုံးအရာနဲ့ အဓိကကျဆုံးအရာက ထုတ်ကုန်ပါပဲ"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။