ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အယ်လ် နာဆာအသင်းကို မက်မောလောက်ဖွယ် ငွေကြေးပမာဏနဲ့ မပြောင်းရွှေ့ခင်ကတည်းက ဆော်ဒီ အာရေဗျကနေ ကြီးမားတဲ့ ငွေကြေးပမာဏ ရရှိခဲ့တယ်လို့ သိရပါတယ်။
ရော်နယ်လ်ဒိုဟာ ဆော်ဒီ ပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းနဲ့ တစ်နှစ်လုပ်ခလစာပေါင် ၁၇၃ သန်းအထိ တန်ကြေးရှိတဲ့စာချုပ် ချုပ်ဆိုပြီးနောက် ကမ္ဘာ့ဘောလုံးလောကမှာ လစာအမြင့်မားဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီကြယ်ပွင့်ဟာ ဈေးကွက်မြှင့်တင်ရေး ယန္တရားဖြစ်ပြီး အရှေ့အလယ်ပိုင်းက ဘောလုံးပြိုင်ပွဲကို တကမ္ဘာလုံးက အာရုံစိုက်လာအောင် ဆွဲဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘလွန်ဒေါ ၅ ဆုရှင်ဟာ အသက် ၃၈ နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့်လည်း အယ်လ်နာဆာအသင်းအတွက် ဟက်ထရစ် ၂ ကြိမ်အပါအဝင် သွင်းဂိုး ၈ ဂိုးအထိ ကွင်းအတွင်းမှာ သွင်းယူပေးထားပြီး ရော်နယ်လ်ဒိုရဲ့ လစာအရ တစ်ရက်ကို လုပ်ခလစာ ပေါင် ၅၁၄၀၀၀ နဲ့ တစ်နာရီကို ပေါင် ၂၁၄၀၀ ရရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မယုံနိုင်စရာကောင်းလောက်အောင်ပဲ ၂၀၁၇ ခုနှစ်တုန်းက ရော်နယ်လ်ဒိုကို အချိန်ပိုင်းလေး ငှားရမ်းဖို့အတွက် ကုမ္ပဏီတစ်ခုက ပေးချေခဲ့ရတဲ့ပမာဏက လက်ရှိလစာရဲ့ တစ်နာရီ လုပ်ခလစာထက် အများကြီး ပိုမိုများပြားခဲ့တာဖြစ်ပါတယ်။
Der Spieel သတင်းဌာနရဲ့ သတင်းထောက် ရာဖေးလ် ဘွတ်ချ်မန်းနဲ့ မိုက်ကယ် ဝူလ်ဇင်ဂါတို့ ဖြန့်ချိခဲ့တဲ့ ဘောလုံးပေါက်ကြားမှုများ စာအုပ်ထဲမှာ ကမ္ဘာပေါ်က အကျော်ကြားဆုံးပုဂ္ဂိုလ်တွေထဲက တစ်ဦးကို ငှားရမ်းဖို့ ဘယ်လောက်အထိ ငွေကြေးကုန်ကျမလဲဆိုတာကို အသေးစိတ် ထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီစာအုပ်ထဲမှာ ဆော်ဒီ တယ်လီကွန်းကုမ္ပဏီ Mobily က ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အိုင်းရစ် ပုံရိပ်မူပိုင်ခွင့်ကုမ္ပဏီ Multisports & Image Management နဲ့ စာချုပ် ချုပ်ဆိုခဲ့တဲ့အကြောင်း ထုတ်ဖော်ခဲ့ပြီး ဆော်ဒီကုမ္ပဏီဟာ ပေါ်တူဂီကြယ်ပွင့်ရဲ့ အချိန် ၄ နာရီ ၃၀ မိနစ်ကို ရရှိခဲ့တာဖြစ်ပါတယ်။
အဲဒီအချိန်အတွင်းမှာ ဓာတ်ပုံ ရိုက်ကူးမှု၊ ရှပ် ၅ ထည်ကို လက်မှတ်ရေးထိုးမှုနဲ့ ၎င်းရဲ့ လူမှုကွန်ရက်ချန်နယ်တွေကနေ ပို့စ် ၂ ခု တင်ပေးဖို့ သဘောတူညီမှုရရှိခဲ့ပြီး Mobily ဟာ အဲဒီနေ့မှာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေကို အသုံးပြုခွင့်ရမှာဖြစ်ပေမယ့်လည်း အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကဒေသတွေမှာသာ အသုံးပြုခွင့် အကန့်အသတ်နဲ့ ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီသဘောတူညီမှုတွေ အားလုံးအတွက် ရော်နယ်လ်ဒိုနဲ့ ၎င်းရဲ့ ကိုယ်စားလှယ်တွေကို ပေါင် ၉၂၀၀၀၀ အထိ ပေးချေခဲ့ရတယ်လို့ သိရပါတယ်။