အယ်လ်တာဝမ်နည်းပြ ပယ်ရီကလီ ချာမူစကာက ယခုအပတ် ဆော်ဒီ ပရိုလိဂ်မှာ အယ်လ်နာဆာကို ရင်ဆိုင်တဲ့ပွဲစဉ်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို တိတ်ဆိတ်နေစေမယ့် အထူးအစီအမံတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။
ဆော်ဒီ အာရေဗျမှာ နှေးကွေးတဲ့ ကစားသမားဘဝသစ် စတင်မှု ပြုလုပ်ခဲ့ပြီးနောက် ရော်နယ်လ်ဒိုဟာ ယခုလအစောပိုင်းတုန်းက အယ်လ်ဖာတာနဲ့ ၂-၂ သရေကျခဲ့တဲ့ပွဲမှာ ပထမဆုံးသွင်းဂိုးကို သွင်းယူပြီးနောက် အယ်လ်ဝါဒါကို ပြီးခဲ့တဲ့အပတ်က ၄-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ၄ ဂိုးစလုံးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပုံမှန်ခြေစွမ်း ပြန်လည်ရရှိလာပုံပေါ်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ လာမယ့်အပတ်တွေမှာ ၎င်းရဲ့ သွင်းဂိုးအရေအတွက်ကို ပိုမိုတိုးမြှင့်သွားချင်နေမှာဖြစ်ပြီး လက်ရှိသွင်းယူထားတဲ့ ၅ ဂိုးစလုံးက အဝေးကွင်းမှာ သွင်းယူခဲ့တာဖြစ်တာကြောင့် အိမ်ကွင်းမှာ ပထမဆုံးသွင်းဂိုးကို သွင်းယူချင်နေမှာ ဖြစ်ပါတယ်။
ပေါ်တူဂီဂန္တဝင်ဟာ အဲဒါကြောင့် အယ်လ်နာဆာရဲ့ လာမယ့် ဆော်ဒီ ပရိုလိဂ်ပွဲစဉ်အဖြစ် အယ်လ်တာဝမ်နဲ့ ကစားရမယ့် ပွဲစဉ်ကို အာရုံစိုက်နေမှာဖြစ်ပြီး အယ်လ်နာဆာအသင်းဟာ သောကြာနေ့မှာ အဆင့် ၅ နေရာက ပြိုင်ဘက်ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ ရော်နယ်လ်ဒိုက ၎င်းရဲ့ ဂိုးသွင်းခြေစွမ်းကောင်းကို ဆက်လက်ပြသနိုင်ဖို့ မျှော်လင့်နေမှာဖြစ်တာကြောင့် ဆော်ဒီပရိုလိဂ်က အသင်းတွေအနေနဲ့ ပေါ်တူဂီကြယ်ပွင့်ရဲ့ ခြိမ်းခြောက်နိုင်စွမ်းကို စိုးရိမ်မှုတွေ မြင့်တက်လာနေတာ ဖြစ်ပါတယ်။
အဲဒီအထဲမှာ အယ်လ် တာဝမ်နည်းပြ ချာမူစကာလည်း အပါအဝင်ဖြစ်ပြီး အသက် ၃၈ နှစ်အရွယ် တိုက်စစ်မှူးကို အထူး အာရုံစိုက်မှုတွေ စတင်ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။ ချာမူစကာဟာ အယ်လ်နာဆာအသင်းခေါင်းဆောင်ကို ထိန်းသိမ်းထားနိုင်ဖို့ အထူးအစီအစဉ် ပြုလုပ်ထားပြီး အဲဒီအစီအစဉ်ထဲမှာ ၎င်းရဲ့ အကောင်းဆုံးကစားသမား ၂ ဦးကို ရော်နယ်လ်ဒိုကို လူကပ်ထားဖို့ အစီအမံ ပါဝင်တယ်လို့ သိရပါတယ်။
ဘရာဇီးလ်လူမျိုးနည်းပြဟာ ကွင်းလယ်ကစားသမား အယ်လ် မာဒီအိုဝီနဲ့ အယ်လ်ဗာရို မီဒရန်တို့ကို တစ်ပွဲလုံး ရော်နယ်လ်ဒိုကိုပဲ စောင့်ကြည့်ဖို့ တာဝန်ပေးထားသလို ဘလွန်ဒေါ ၅ ဆုရှင်ဆီ ရောက်လာနိုင်တဲ့ ဘောလုံးလမ်းကြောင်းတွေကိုလည်း ဖြတ်တောက်ဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။