ဂျူဗင်တပ်ကွင်းလယ်ကြယ်ပွင့် ပေါလ် ပေါ့ဂ်ဘာက ပြီးခဲ့တဲ့ရာသီ မန်ချက်စတာယူနိုက်တက်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ အတူတူ ရှိနေခဲ့တဲ့အချိန်တုန်းက အကြောင်းကို ပြန်ပြောင်းပြောပြခဲ့ပါတယ်။
ရော်နယ်လ်ဒိုနဲ့ ပေါ့ဂ်ဘာတို့ ၂ ဦးစလုံးဟာ အိုးထရက်ဖို့ဒ်မှာ အချိန်ကာလ ၂ ခုအထိ အတူတူ ရှိခဲ့ဖူးသူတွေဖြစ်ပြီး ၎င်းတို့ရဲ့ကစားသမားဘဝတလျှောက်မှာ ဂျူဗင်တပ်အသင်းကိုလည်း ကိုယ်စားပြုပေးခဲ့ကြတာဖြစ်ပါတယ်။ ပေါ်တူဂီဂန္တဝင်ဟာ ၂၀၂၁ ခုနှစ် နွေရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းကို ကနဦး ၂ နှစ်စာချုပ်နဲ့ ပြန်လည်ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ၂၀၂၁-၂၀၂၂ ရာသီအတွင်း ပေါ့ဂ်ဘာနဲ့ အသင်းဖော်တွေအဖြစ် ကွင်းထဲမှာ အကြိမ် ၂၀ လောက် အတူတူ ကစားခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်နဲ့ ဂျူဗင်တပ်တို့ ၂ သင်းစလုံးနဲ့ ရင်းနှီးတဲ့သမိုင်းကြောင်းရှိခဲ့ပေမယ့်လည်း ၂၀၂၁-၂၀၂၂ ရာသီဟာ ရော်နယ်လ်ဒိုနဲ့ ပေါ့ဂ်ဘာတို့ အသင်းဖော်ဖြစ်ခဲ့တဲ့တစ်ခုတည်းသော ရာသီဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒါက ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမားအတွက် ရော်နယ်လ်ဒိုရဲ့ အားကစားအပေါ် ထားရှိတဲ့ ခံယူချက်ကို သိရှိခွင့်ရရှိဖို့အတွက် လုံလောက်ခဲ့တာဖြစ်ပါတယ်။
"ရော်နယ်လ်ဒိုရဲ့ စည်းကမ်းပိုင်းက မယုံနိုင်စရာကောင်းခဲ့ပါတယ်။ ကျွန်တော် ဒီလိုမျိုး ဘယ်တုန်းကမှ မမြင်ခဲ့ဖူးပါဘူး။ စည်းကမ်းပိုင်းက နောက်ထပ်အဆင့်တစ်ဆင့်မှာ ရှိနေပါတယ်။ ကျွန်တော် ပရော်ဖက်ရှင်နယ်ကစားသမားတွေကို မြင်ခဲ့ဖူးပြီး ကစားသမားတော်တော်များများပဲ။ သူတို့တွေက အရမ်းကို ပရော်ဖက်ရှင်နယ်ဆန်ပြီး စောစောလာတယ်။ ပြန်လည်ကုစားဖို့အတွက် အရာအားလုံးလုပ်ပြီး ဒီလိုမျိုး အရာတွေ လုပ်ကြတယ်"
"ဒါပေမယ့်လည်း တစ်စုံတယောက်ကတော့ နေ့တိုင်း အဲဒီလို လုပ်နေပြီး မရပ်တန့်ခဲ့ဘူး။ အဲဒါက ခရစ္စတီယာနိုပဲ။ နေ့တိုင်းနော်။ တစ်ချို့ရက်တွေမှာ ခင်ဗျားက ငါဒီလောက်ဆို အဆင်ပြေပြီဘာညာဆိုပြီး နားချင်နားလိမ့်မယ်။ ဒါပေမယ့် သူက တစ်ရက်လေးမှ လေ့ကျင့်ရေးကို မလွဲချော်ခဲ့ဘူး။ သူ့ရဲ့ စည်းကမ်းပိုင်းက အဲဒါကို နေ့တိုင်းလုပ်အောင် တွန်းအားပေးနေတယ်။ ဒီဟာက ထူးဆန်းတဲ့အရာပါ"လို့ ပြောကြားခဲ့ပါတယ်။