မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်း ဝီးလ်ဖရက်ဒ် ဇာဟာဟာ ဆော်ဒီ ပရိုလိဂ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
အသက် ၃၀ အရွယ် အိုင်ဗရီကို့စ် တောင်ပံကစားသမားဟာ ယခုရာသီမှာ ကလပ်အသင်းနဲ့ နိုင်ငံအတွက် ၂၃ ပွဲ ပါဝင်ကစားပေးထားသူဖြစ်ပြီး အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှု အများအပြားကို ငြင်းပယ်ခဲ့ပြီးနောက် ယခုရာသီကုန်မှာ အလွတ်နဲ့ ထွက်ခွာဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ဇာဟာကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့အသင်းတွေအများအပြားရှိနေမယ်ဆိုတာ သံသယဖြစ်စရာမရှိဘဲ ဇန်နဝါရီလတုန်းက အာဆင်နယ်နဲ့ အေစီမီလန်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပြီး Evening Standard ရဲ့ ဖော်ပြချက်အရ မန်ယူနိုက်တက်ကြယ်ပွင့်ဟောင်းဟာ အယ်လ်နာဆာအပါအဝင် ဆော်ဒီကလပ်အသင်း ၃ သင်းဆီကနေ ကမ်းလှမ်းမှု ရရှိထားတယ်လို့ သိရပါတယ်။
ဇာဟာအနေနဲ့ ဆော်ဒီ ပရိုလိဂ်ကို ပြောင်းရွှေ့တဲ့ နောက်ထပ် နာမည်ကြီးကစားသမားဖြစ်လာမယ့်အခွင့်အရေးကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး အယ်လ်နာဆာ နည်းပြ ရူဒီ ဂါစီယာရဲ့အသင်းဟာ ဒေးဗစ် အော့စပီနာ၊ လူးဝီးဇ် ဂူစတာဗို၊ အယ်ဗာရို ဂွန်ဇာလက်ဇ်နဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ကို ပြီးခဲ့တဲ့လတွေမှာ ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။
ခရစ္စတယ် ပဲလေ့စ်ကြယ်ပွင့် ဇာဟာသာ ထပ်မံရောက်ရှိလာမယ်ဆိုရင် ဆော်ဒီ ပရိုလိဂ်မှာ ကြောက်မက်ဖွယ်အကောင်းဆုံး အသင်းတစ်သင်း ဖြစ်လာတော့မှာ ကျိန်းသေပေမယ့်လည်း အေစီမီလန်အသင်းကလည်း အိုင်ဗရီကို့စ်ကြယ်ပွင့်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။