အယ်လ်နာဆာအသင်းဟာ ရူဒီ ဂါစီယာကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့ပြီး ရော်နယ်လ်ဒိုနဲ့ ပြဿနာတက်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ပြီးနောက် တစ်ရက်အကြာမှာပဲ ထုတ်ပယ်ခံလိုက်ရတာဖြစ်ပါတယ်။
ဆော်ဒီ ပရိုလိဂ်ကလပ်အသင်းက ဂါစီယာဟာ ကြာသပတေးနေ့မှာ ရာထူးကနေ အနားပေးခြင်းခံခဲ့ရတဲ့အကြောင်းကို ခပ်တိုတိုပဲ ထုတ်ပြန်ကြေညာချက် ထုတ်ပြီး အတည်ပြုသွားခဲ့တာဖြစ်ပါတယ်။
“အယ်လ်နာဆာအနေနဲ့ နည်းပြချုပ် ရူဒီ ဂါစီယာဟာ နှစ်ဦးသဘောတူ အသင်းကို စွန့်ခွာသွားခဲ့ပြီဆိုတာကို ကြေညာပါတယ်။ ဘုတ်အဖွဲ့နဲ့ အယ်လ်နာဆာက လူတွေအားလုံးအနေနဲ့ ရူဒီနဲ့ ၎င်းရဲ့ နည်းပြအဖွဲ့ကို ပြီးခဲ့တဲ့ ၈ လအတွင်း စိတ်အားထက်သန်စွာ လုပ်ဆောင်ခဲ့မှုတွေအတွက် ကျေးဇူးတင်ချင်ပါတယ်။ ”လို့ ထုတ်ပြန်ကြေညာချက်ထဲမှာ ရေးသားခဲ့တာဖြစ်ပါတယ်။
ဂါစီယာဟာ ဘလွန်ဒေါ ၅ ဆုရှင် ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ အသင်းကို စွန့်ခွာခဲ့တာဖြစ်ပြီး ပေါ်တူဂီတိုက်စစ်မှူးဟာ အယ်လ် ဖေဟာနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ပွဲအပြီးမှာ နည်းပြရဲ့ နည်းဗျူဟာချဉ်းကပ်ပုံကို မပျော်မရွှင်ဖြစ်ခဲ့တာကြောင့် ဥမင်ထဲကို ဒေါသတကြီး ဆင်းသွားခဲ့တာဖြစ်ပါတယ်။
ဂါစီယာဟာ ၎င်းရဲ့အသင်း ရမှတ်လျော့ကျခဲ့တာကို မြင်တွေ့ခဲ့ရပြီးနောက် ကစားသမားတွေကို ပြစ်တင်ဝေဖန်ခဲ့ပြီး ၎င်းတို့ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး စိတ်မကျေနပ်ခဲ့ဘူးလို့ ပြောကြားခဲ့ပေမယ့် လက်ရှိမှာတော့ ၎င်းရဲ့ တာဝန်တွေကနေ အနားပေးခံလိုက်ရပြီဖြစ်ပါတယ်။
အယ်လ်နာဆာအသင်းက နောက်ဆက်တွဲအနေနဲ့ ဒင်ကို ဂျီလီဆစ်က ပထမအသင်းနည်းပြအဖြစ် တာဝန်ယူသွားမှာဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့ပြီး ဆော်ဒီ ပရိုလိဂ်ကလပ်ဟာ မကြာသေးမီက မော်ရင်ညိုကို ပေါင်သန်း ၁၀၀ တန်ကြေးရှိတဲ့ ၂ နှစ်စာချုပ်နဲ့ ကမ်းလှမ်းဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေက ဖော်ပြခြင်းခံခဲ့ရတာဖြစ်ပါတယ်။