လီယွန်နယ် မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းတိုး ပြောဆိုဆွေးနွေးမှုတွေကို ရပ်တန့်ခဲ့ပြီးနောက် ယခုနွေရာသီ ဆော်ဒီ အာရေဗျကနေ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ တူညီတဲ့လစာပမာဏအတိုင်း ကမ်းလှမ်းခြင်းခံရလိမ့်မယ်လို့ သိရပါတယ်။
ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အယ်လ်နာဆာအသင်းကို အံ့အားသင့်ဖွယ် ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး တစ်နှစ်လုပ်ခလစာ ပေါင် ၁၇၃ သန်းဝန်းကျင် ရရှိနေတာ ဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ လက်ရှိအချိန်မှာ ကမ္ဘာပေါ်မှာ လုပ်ခလစာအမြင့်မားဆုံးရရှိနေတဲ့ ကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပြီး အယ်လ်နာဆာရဲ့ ပြိုင်ဘက် အယ်လ်ဟီလာလ်အသင်းကလည်း လက်ရှိမှာ အာဂျင်တီးနားကြယ်ပွင့်ကို ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
လီယွန်နယ် မက်ဆီဟာ ၂၀၂၁ ခုနှစ် နွေရာသီမှာ ပီအက်စ်ဂျီကို ၂ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ဇွန်လမှာ စာချုပ်သက်တမ်း ၁ နှစ်ထပ်တိုးခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာဂန္တဝင်တိုက်စစ်မှူးဟာ ပြင်သစ်က ပွဲဦးထွက်ရာသီမှာ ရုန်းကန်ခဲ့ရပေမယ့်လည်း ယခုရာသီမှာ သွင်းဂိုး ၁၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၉ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပြီးနောက် ပဲရစ်မှာ အသားကျနေတာကို ပျော်ရွှင်တဲ့အကြောင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ပီအက်စ်ဂျီအသင်းဟာ ၂၀၂၀-၂၀၂၁ ရာသီမှာ ယူအီးအက်ဖ်အေရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့လို့ ဒဏ်ရိုက်ခံခဲ့ရတဲ့ ကလပ်အသင်း ၁၀ သင်းထဲက တစ်သင်းဖြစ်ခဲ့ပြီး ယူရို ၁၀ သန်းနဲ့ ဆိုင်းငံ့ ယူရို ၄၅ သန်းအပြင် FFP ရဲ့ သတ်မှတ်တွေနဲ့ လိုက်နာဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်ပါ ပိတ်ပင်ခံရနိင်တာဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းအနေနဲ့ ၎င်းတို့ရဲ့ ထွက်ငွေကို မလျှော့ချနိုင်ဘူးဆိုရင် အန္တရာယ်ရှိလာမှာဖြစ်ပြီး အဲဒါက လီယွန်နယ် မက်ဆီနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေကို ရပ်တန့်စေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အယ်လ် ဟီလာလ်အသင်းက လီယွန်နယ် မက်ဆီကို အံ့အားသင့်ဖွယ် နွေရာသီ ခေါ်ယူမှု ပြုလုပ်ဖို့အတွက် ပြင်ဆင်နေပြီဖြစ်ပြီး Marca ရဲ့သတင်းအရ ဆော်ဒီ ပရိုလိဂ်ကလပ်အသင်းဟာ အာဂျင်တီးနားကြယ်ပွင့်ကို ခေါ်ယူဖို့အတွက် ငွေကြေးပါ ပြင်ဆင်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
ဆော်ဒီ အာရေဗျအနေနဲ့ ယခုနှစ်အတွင်းမှာ အသက် ၃၅ နှစ်အရွယ် အာဂျင်တီးနားဂန္တဝင်ရောက်ရှိလာမှုကို ခွင့်ပြုနိုင်အောင် ၎င်းတို့ရဲ့ ဥပဒေကို ပြောင်းလဲဖို့ ပြင်ဆင်သွားမှာဖြစ်တယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပါတယ်။ လီယွန်နယ် မက်ဆီသာ အရှေ့အလယ်ပိုင်းကို ပြောင်းရွှေ့လာခဲ့မယ်ဆိုရင် ၂၀၀၉ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်ကြား ရှိခဲ့တဲ့ အယ်လ်ကလက်စီကို ပြိုင်ဆိုင်မှုကို ပြန်လည်အမှတ်ရစေမှာ ဖြစ်ပါတယ်။