လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်ဟာ တစ်ခါတုန်းက လီယွန်နယ် မက်ဆီနဲ့အတူ ရိုက်ကူးခဲ့တဲ့ တစ်ပုံတည်းသော ဆယ်လ်ဖီပုံအကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ပြီး ဓာတ်ပုံရိုက်ကူးနေချိန်မှာ ရော်နယ်လ်ဒိုကလည်း အဲဒီအခန်းထဲမှာ ရှိနေခဲ့တာဖြစ်ပါတယ်။
ပုံမှန်အားဖြင့် လူတိုင်းဟာ ဖုန်းထဲမှာ မိသားစုဝင်တွေ သို့မဟုတ် ချစ်သူခင်သူတွေနဲ့ ဆယ်လ်ဖီဓာတ်ပုံအများအပြား ရိုက်ကူးထားလေ့ရှိပေမယ့်လည်း ယာဂန် ကလော့ပ်က အဲဒီလိုမျိုး လူတွေထဲက တစ်ဦးမဟုတ်ခဲ့တာဖြစ်ပါတယ်။ "ကျွန်တော့် စမတ်ဖုန်းထဲမှာ ဆယ်လ်ဖီပုံ တစ်ပုံပဲ ရှိပါတယ်။ အဲဒါက မက်ဆီနဲ့ပုံပါ။ ခရစ္စတီယာနိုကလည်း အခန်းထဲမှာ ရှိနေခဲ့ပါတယ်"လို့ ၂၀၁၈ ခုနှစ်တုန်းက လီဗာပူးလ်ဖောင်ဒေးရှင်း အထူးညစာစားပွဲတုန်းက အထူးအမေးအဖြေအစီအစဉ်အတွင်းမှာ ပြောကြားခဲ့ပါတယ်။
ကလော့ပ်ဟာ မိသားစုဝင်တွေနဲ့ ဆယ်လ်ဖီပုံမရိုက်ရတာကို စိတ်အနှောင့်အယှက်မဖြစ်ဘဲ တသက်တာအကောင်းဆုံးကစားသမားနဲ့တော့ ဓာတ်ပုံမဖြစ်မနေ ရိုက်ရမယ်ဆိုတဲ့ အတွေးမျိုးရှိနေတာ ရှင်းလင်းနေခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်တုန်းကလည်း လီဗာပူးလ်နည်းပြက လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ထဲက ဘယ်သူက GOAT လဲဆိုတဲ့ အငြင်းအခုံမှာ ၎င်းရဲ့ ထင်မြင်ချက်ကို ပြောဆိုပြီး ရွေးချယ်မှုတွေ ပြုလုပ်ပေးခဲ့ဖူးတာ ဖြစ်ပါတယ်။
"ကျွန်တော့်အတွက်တော့ မက်ဆီပါ။ ဒါပေမယ့် ကျွန်တော် အရင်တုန်းကတည်းက ရော်နယ်လ်ဒိုကို လေးစားချစ်ခင်ခဲ့တာထက် ပိုပြီးတော့ မလေးစားနိုင်တော့ပါဘူး။ ရှင်းလင်းချက်ကတော့ ကျွန်တော်တို့ ၂ ဦးစလုံးနဲ့ ရင်ဆိုင်ကစားခဲ့ဖူးပြီး ၂ ဦးစလုံးက ခုခံဖို့ မဖြစ်နိုင်လုနီးပါးပါပဲ။ ဒါပေမယ့် မက်ဆီက မွေးကတည်းက ရုပ်ပိုင်ဆိုင်ရာ လိုအပ်ချက်က အများကြီး နိမ့်ပါတယ်။ ခင်ဗျားကိုယ် ခင်ဗျား ပြီးပြည့်စုံတဲ့ကစားသမားအဖြစ် ပုံဖော်ချင်ရင် ရော်နယ်လ်ဒိုရဲ့ အရပ်အမောင်းမျိုးဖြစ်ပါလိမ့်မယ်။ သူက မြင့်မြင့်ခုန်နိုင်သလောက် လျင်လျင်မြန်မြန်လည်း ပြေးနိုင်တဲ့သူပါ။ အဲဒီအရာတွေကို သူ့ရဲ့ ခံယူချက်ပါ ထည့်ပေါင်းလိုက်တဲ့အချိန်မှာ လုံးဝကို ပြီးပြည့်စုံပြီး ပရော်ဖက်ရှင်နယ်ပီသသွားပါတယ်။ အဲဒီထက် ပိုပြီးကောင်းတာမရှိတော့ပါဘူး"
"တစ်ဖက်မှာလည်း အရာအားလုံးကို အရမ်းရိုးရှင်းတဲ့ပုံဖြစ်အောင် လုပ်နိုင်တဲ့ သေးငယ်တဲ့ မက်ဆီရှိနေပါတယ်။ အဲဒါကြောင့် ကျွန်တော် သူ့ကို နှစ်သက်တာပါ ကွင်းထဲက ကစားသမားတစ်ဦးထက် နည်းနည်းပိုတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ခရစ္စတီယာနို ရော်နယ်လ်ဒိုက လုံးဝကို မယုံနိုင်စရာကောင်းတဲ့ကစားသမားပါ။ အဲဒါကြောင့် ဘယ်သူက ပိုကောင်းလဲဆိုတာကို ရွေးချယ်ဖို့က တကယ်ခက်ပါတယ်။ ဒါပေမယ့် ဒီနှစ်ယောက်စလုံးမှာ ဘုံတူညီတဲ့အရာက ဒီလောက် အချိန်တွေအကြာကြီး သူတို့ရဲ့ ခြေရာတွေကို ချန်ထားနိုင်ခဲ့တာပါ။ တူညီတဲ့အလားအလာရှိတဲ့ လူငယ်ကစားသမားတွေလည်း ရှိပေမယ့်လည်း ဒီလို အချိန်ကာလတစ်ခုအထိ အဲဒီလို လုပ်နိုင်ဖို့က ပိုလို့တောင် မယုံနိုင်စရာ ကောင်းပါတယ်"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
လီယွန်နယ် မက်ဆီဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ အာဂျင်တီးနားက လက်ရှိ ကမ္ဘာ့ချန်ပီယံ ပြင်သစ်ကို အနိုင်ယူခဲ့ပြီးနောက် လီယွန်နယ် မက်ဆီက ၎င်းရဲ့ ကစားသမားဘဝ ပထမဆုံးကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။