ဒေ့ါမွန်ကြယ်ပွင့်တိုက်စစ်မှူး အာလင်း ဟာလန်းဟာ ဗုဒ္ဓဟူးနေ့ညက ဂရိုင်တာဖွတ်ကို ဒေါ့မွန်အသင်းက ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ကမ္ဘာမြေဆွဲငင်အားကို ဆန့်ကျင်တဲ့ ခုန်ပျံမှုမျိုးနဲ့ အလွန်လှပတဲ့ ခေါင်းတိုက်သွင်းဂိုးကို သွင်းယူခဲ့ပါတယ်။
အသက် ၂၁ နှစ်အရွယ် နော်ဝေကြယ်ပွင့်တိုက်စစ်မှူးဟာ ဂရိုင်တာဖွတ်နဲ့ ကစားခဲ့တဲ့ပထမပိုင်းမှာပဲ ပင်နယ်တီကနေတဆင့် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ၈၂ မိနစ်မှာ ဂျူလီယန် ဘရန့်တ်ရဲ့ အလွတ်တည်ကန်ဘောကနေ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို အလွန်ကောင်းမွန်တဲ့ ခေါင်းတိုက်ချက်နဲ့ သွင်းယူခဲ့တာဖြစ်ပါတယ်။
ဘရန့်တ်ဟာ ပင်နယ်တီဧရိယာထဲမှာ စောင့်ဆိုင်းနေတဲ့ အသင်းဖော် ဟာလန်းရှိရာကို အလွန်ကောင်းမွန်တဲ့ ကန်တင်ပေးပို့မှု ပြုလုပ်ခဲ့တာဖြစ်ပြီး နော်ဝေတိုက်စစ်မှူးက ဂရိုင်တာဖွတ်နောက်ခံလူ မက်ဆီမီလီယန် ဘောင်ဝါ လိုက်မမီနိုင်လောက်တဲ့ အမြင့်ကို ခုန်ပြီး ဂိုးညာဘက်အောက်ထောင့်ကို ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
"သူက နော်ဝေ လူသန်ကြီးပဲ"လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး "မန်ချက်စတာယူနိုက်တက်ရေ ဒေါ့မွန်ကို ချက်အလွတ်ပေးပြီး သူ လိုချင်သလောက်သာ ပေးလိုက်ပါတော့"လို့ အခြားတွစ်တာအသုံးပြုသူတစ်ဦးကလည်း မှတ်ချက်ပေးသွားခဲ့ပါတယ်။
ဒေါ့မွန်အသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးကို ဒွန်ယဲလ် မာလန်က အလွန်ကောင်းမွန်တဲ့ တကိုယ်တော်စွမ်းရည်နဲ့ အနီးကပ် ကန်သွင်းယူသွားခဲ့တာဖြစ်ပြီး ဒေါ့မွန်အသင်းဟာ ဗုဒ္ဓဟူးနေ့ညမှာ နိုင်ပွဲရရှိခဲ့တာကြောင့် ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ဘိုင်ယန်မြူးနစ်နဲ့ ၆ မှတ်အကွာမှာ လိုက်လံဖိအားပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။
အာလင်း ဟာလန်းဟာ လာမယ့် နွေရာသီမှာ ဒေါ့မွန်အသင်းကနေ ထွက်ခွာနိုင်ခြေရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့သူဖြစ်ပြီး နော်ဝေတိုက်စစ်မှူးဟာ မန်ချက်စတာယူနိုက်တက်၊ လီဗာပူးလ်၊ ချဲလ်ဆီး၊ ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာအသင်းတို့လို ထိပ်သီးအသင်းကြီးတွေဆီက စိတ်ဝင်စားမှုရရှိအောင် ဆွဲဆောင်ထားနိုင်ခဲ့သူဖြစ်ပါတယ်။