အယ်လ်တာဝမ်ဂိုးသမား မေးလ်ဆင်က ခရစ္စတီယာနို ရော်နယ်လ်ဒို ရောက်ရှိလာမှုက အယ်လ်နာဆာတစ်သင်းတည်းကိုသာ တိုးတက်စေတာမဟုတ်ဘဲ ဆော်ဒီဘောလုံးဂေဟစနစ်တစ်ခုစလုံးကိုပါ ဘယ်လိုတိုးတက်စေခဲ့လဲဆိုတာကို ရှင်းပြခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းကို ပြောင်းရွှေ့ဖို့ ရက်သတ္တပတ်အတော်ကြာ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပြီးနောက် ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဒီဇင်ဘာလမှာ အယ်လ်နာဆာကို အလွတ်နဲ့ ပြောင်းရွှေ့ဖို့သဘောတူညီခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီကြယ်ပွင့်ဟာ ဆော်ဒီ ပရိုလိဂ်ကလပ်အသင်းနဲ့ ၂ နှစ်ခွဲစာချုပ် ချုပ်ဆိုဖို့ သဘောတူညီခဲ့ပြီး အယ်လ်နာဆာအသင်းက အသက် ၃၈ နှစ်အရွယ် တိုက်စစ်မှူးကို တစ်နှစ်လုပ်ခလစာ ပေါင် ၁၇၃ သန်းနဲ့ ကမ္ဘာပေါ်မှာ လစာအမြင့်မားဆုံးဘောလုံးသမားဖြစ်လာအောင် ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။
ဘလွန်ဒေါ ၅ ဆုရှင်ကို ခေါ်ယူနိုင်ဖို့အတွက် ငွေကုန်ကြေးကျ များပြားခဲ့ပေမယ့်လည်း ဒီအပြောင်းအရွှေ့ဟာ အယ်လ်နာဆာအသင်းအတွက်သာမက ဆော်ဒီ ပရိုလိဂ်တစ်ခုလုံးအတွက်ပါ ကြီးမားတဲ့ ခေါ်ယူမှုကြီး ဖြစ်ခဲ့ပုံပေါ်ခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီဂန္တဝင်ရဲ့ အပြောင်းအရွှေ့ကြောင့် ဆော်ဒီ ပရိုလိဂ်အပေါ် စိတ်ဝင်စားမှုတွေက ချက်ချင်း မြင့်တက်လာခဲ့ပြီး ရော်နယ်လ်ဒို အယ်လ်နာကို ပြောင်းရွှေ့ပြီးနောက်ပိုင်း ရုပ်သံလွှင့်ဌာနအချို့ဟာ ဆော်ဒီ ပရိုလိဂ်ကလပ်အသင်းရဲ့ ပွဲစဉ်တွေကို စတင် ထုတ်လွှင့်ပြသလာခဲ့ကြတာ ဖြစ်ပါတယ်။
မေးလ်ဆင်က ရော်နယ်လ်ဒို ရောက်ရှိလာမှုက ဆော်ဒီ အာရေဗျမှာ ဘောလုံးကွင်းထဲ ပရိသတ်တွေ တက်ရောက်ကြည့်ရှုမှုနှုန်း တိုးတက်လာခဲ့တာကို ထောက်ပြခဲ့ပြီး အယ်လ်တာဝမ်ဂိုးသမားက အယ်လ်နာဆာပွဲစဉ်တွေအတွက် လက်မှတ်ရဖို့တောင် ခက်ခဲနေတာက ပေါ်တူဂီကြယ်ပွင့်ရဲ့ အကျိုးသက်ရောက်မှုကို ပြသနေတဲ့ သက်သေဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ "သူက အမြဲတမ်း စောင့်ကြည့်နေရမယ့် ကစားသမားမျိုးပါ။ သူ မလာခင်တုန်းက ဘောလုံးပွဲလာကြည့်တဲ့သူတွေက အယောက် ၁၀၀၊ ၂၀၀ လောက်ပဲ ရှိခဲ့တယ်။ ဒီနေ့ဆိုရင် ခင်ဗျား လက်မှတ်သွားဝယ်ရင်တောင် လက်မှတ်ဝယ်လို့တောင် မရတော့ပါဘူး"
ခရစ္စတီယာနို ရော်နယ်လ်ဒို အရှေ့အလယ်ပိုင်းမှာ ရှိနေတာက ဆော်ဒီ ပရိုလိဂ်ကို ကမ္ဘာလုံးဆိုင်ရာအဆင့်အထိပါ လူသိများ ထင်ရှားစေခဲ့တယ်လို့လည်း မေးလ်ဆင်က ယုံကြည်နေတာ ဖြစ်ပါတယ်။ "ခရစ္စတီယာနိုရဲ့ ရောက်ရှိလာမှုက အရမ်းကို ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ဆော်ဒီ ပရိုလိဂ်ကို သူက အများကြီး လူကြည့်များအောင် လုပ်နိုင်လို့ပါ"လို့ ပြောကြားခဲ့ပါတယ်။