ဘော်လ်တန်နဲ့ပွဲမှာ လူစားဝင်ကစားသမားအဖြစ် ပွဲဦးထွက်ပါဝင်ကစားပေးခဲ့တာပါ။

ဆာအဲလက်စ် ဖာဂူဆန်က ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ပွဲဦးထွက်ဟာ အရမ်းအထင်ကြီးစရာကောင်းလွန်းခဲ့ပြီး အဲဒါကပဲ ၎င်းကို ပြဿနာအမှန်တကယ် ဖြစ်စေခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

ဘလွန်ဒေါ ၅ ဆုရှင် ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ခြေစမ်းပွဲမှာ စကော့လူမျိုး နည်းပြကြီးကို အံ့အားသင့်အောင် ကစားပြနိုင်ခဲ့ပြီးနောက် ၁၈ နှစ်သားအရွယ် ပေါ်တူဂီကြယ်ပွင့်ဟာ ၂၀၀၃ ခုနှစ်မှာ စပို့တင်းလစ္စဘွန်းကနေ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ဖြစ်တဲ့ ဘော်လ်တန်ကို ၄-၀ နဲ့ မန်ချက်စတာယူနိုက်တက်အသင်းက အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် နစ်ကီ ဘတ်ရဲ့နေရာမှာ ဝင်ကစားပြီး ယူနိုက်တက်ကစားသမားဘဝ ပွဲဦးထွက်ပွဲစဉ်အဖြစ် ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။



ဖာဂူဆန်ဟာ ဆယ်ကျော်သက်ကြယ်ပွင့်ကစားသမားကို ပရီးမီးယားလိဂ်မှာ ကစားရတာ သက်တောင့်သက်သာ ဖြစ်စေချင်ခဲ့ပေမယ့် ၎င်းရဲ့ ဘော်လ်တန်နဲ့ပွဲက စွမ်းဆောင်ရည်ကြောင့် ပရိသတ်တွေဟာ ရော်နယ်လ်ဒို ကစားတာ ပိုမိုမြင်ချင်လာကြပြီး နောက်လာမယ့်အပတ်တွေမှာ ဒီ ကစားသမားကို အရန်ခုံထိုင်ခိုင်းထားသင့်လားဆိုတာကို အငြင်းအခုံ ဖြစ်စေခဲ့တယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။

"တခြားနိုင်ငံကနေ ရောက်လာတဲ့ အသက် ၁၈ နှစ်အရွယ် ကောင်လေးတစ်ယောက်အနေနဲ့ ကျွန်တော်တို့ ခေါ်ယူခဲ့ဖူးသမျှထဲမှာ သူက အသက်အငယ်ဆုံးလို့ ထင်ပါတယ်။ အဲဒီတော့ ခရစ္စတီယာနိုနဲ့အတူ သူ့အမေကလည်း နည်းနည်းကြာအောင် နေပေးခဲ့တယ်။ ခင်ဗျား ဒီလို တခြားနိုင်ငံကို လာရတဲ့ အပြောင်းအရွှေ့မျိုး လုပ်တဲ့အခါမှာ မိသားစုပါလာတာက တကယ်ကို အရေးပါပါတယ်"

"သူ ကလေးအရွယ်တုန်းက မဒီရာကနေ လစ္စဘွန်းကို သူတို့ ပြောင်းရွှေ့ခဲ့လို့ သူ့အမေက အပြောင်းအရွှေ့တွေ လုပ်နေကြဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ဘာသာစကားက မတူညီတဲ့ တခြားနိုင်ငံတစ်ခုကို လာရတဲ့အခါမှာ ငယ်ရွယ်သေးတဲ့လူတစ်ယောက်အတွက်တော့ ကြီးမားတဲ့ ခြေလှမ်းကြီးပါ။ အသင်းက တကယ်ကို ကောင်းကောင်းလုပ်နိုင်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် အမြဲတမ်း မှတ်မိနေတာက ကျွန်တော်တို့ ဆွေးနွေးမှုတွေ လုပ်ခဲ့တဲ့အချိန်ပါ။ ကျွန်တော်က သူ့ရဲ့ အေးဂျင့်အပေါ်မှာ အသာစီး ရချင်ခဲ့တယ်လို့ ထင်တယ်။ အထူးသဖြင့်တော့ သူ ပွဲတိုင်း ကစားရမှာမဟုတ်ဘူးဆိုတဲ့ကိစ္စမှာ ဖြစ်ခဲ့ပါလိမ့်မယ်။ ဒါပေမယ့် သူက အရမ်းကောင်းနေခဲ့တော့ သူ့ကို ကျွန်တော် မရပ်တန့်နိုင်ခဲ့ပါဘူး။ ခင်ဗျား အမြဲတမ်း ခင်ဗျားရဲ့ အကောင်းဆုံးကစားသမားတွေကို ကစားခိုင်းရမှာပါ"

"ရာသီအဖွင့်ပွဲစဉ်မှာ သူ လူစားဝင်ကစားခဲ့ပြီး အဲဒါက လုံးဝကို ထူးခြားဆန်းကြယ်ခဲ့ပါတယ်။ ပရိသတ်အုပ်ကြီးက အထင်ကြီးသွားခဲ့တယ်။ ပရိသတ်အုပ်ကြီးက အဲဒါကို နှစ်သက်ခဲ့ကြတယ်။ ဒီမှာ ကျွန်တော်တို့မှာ အခြေအနေတစ်ခု ရှိလာခဲ့တယ်။ နောက်ပွဲမှာ ကျွန်တော် သူ့ကို ကစားခိုင်းရမှာလား။ ဒါမှမဟုတ် သူ့ကို အရန်ခုံပဲ ပြန်ထိုင်ခိုင်းထားရမလားဆိုတာပဲ။ အဲဒါက ကြီးမားတဲ့ ပြဿနာပဲ။ ပြဿနာက အဲဒါပဲ"လို့ ပြောကြားခဲ့ပါတယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ နောက်ပွဲစဉ်ဖြစ်တဲ့ နယူးကာဆယ်လ်နဲ့ပွဲစဉ်မှာ အရန်ခုံကနေ ပါဝင်ခဲ့ရပြီး နယူးကာဆယ်လ်ကို ယူနိုက်တက်က ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ၎င်းရဲ့ ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ဖို့အတွက် နောက်ထပ် ၈ ပွဲအထိ စောင့်ဆိုင်းခဲ့ရပါတယ်။

ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးဟာ နည်းပြ ဖာဂူဆန်လက်အောက်မှာ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ကိုင်မြှောက်နိုင်ခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီး လက်ရှိအချိန်မှာတော့ အသင်းရဲ့ဂန္တဝင်ကစားသမားအဖြစ်နဲ့ နောက်ထပ်တစ်ကြိမ် မန်ချက်စတာယူနိုက်တက်အတွက် ကမ္ဘာ့အဆင့်ခြေစွမ်းတွေကို ဆက်လက်ပြသနေသူဖြစ်ပါတယ်။

Share

က္က