အွန်နရီက ရီးရဲလ်ကို ထပ်မံထိုးနှက်သွားခဲ့တာပါ။

ဘာစီလိုနာ ကစားသမားဟောင်း အွန်နရီက ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက် ရီးရဲလ်မက်ဒရစ်က အခုထိ ဘာစီလိုနာကို ကြောက်ရွံ့နေရဆဲဖြစ်ကြောင်း ထိုးနှက်လိုက်ပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ရဲ့ ဒီရာသီ စွမ်းဆောင်ရည်ကတော့ တခြားစီဖြစ်နေပါတယ်။



ရီးရဲလ်မက်ဒရစ်က လက်ရှိဘောလုံးရာသီမှာ လာလီဂါ ချန်ပီယံအဖြစ် အောင်ပွဲခံထားပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုလည်း တက်ရောက်ထားပါတယ်။ ဘာစီလိုနာကတော့ ချန်ပီယံလိဂ်ကနေ ယူရိုပါလိဂ်ကို ဆင်းကစားခဲ့ရပြီး ကွာတားဖိုင်နယ်ကနေ ထွက်ခဲ့ရပါတယ်။ ဒါ့အပြင် ပြည်တွင်းပွဲမှာလည်း ပြီးခဲ့တဲ့အပတ်မှသာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဂဏန်း ငြိမ်သွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဒီနှစ် ချန်ပီယံလိဂ်မှာ အံ့အားသင့်ဖွယ်ရာတွေ လုပ်ပြခဲ့တဲ့ အသင်းလည်းဖြစ်ပါတယ်။ ရှုံးထွက် (၁၆) သင်းအဆင့်မှာ ပီအက်စ်ဂျီကို ဘန်ဇီမာရဲ့ ဟက်ထရစ်နဲ့ တကျော့ပြန်အနိုင်ယူကာ ကွာတားဖိုင်နယ်တက်ခဲ့ပါတယ်။ ကွာတားဖိုင်နယ်မှာလည်း ချဲလ်ဆီးကို နောက်ကျဂိုးတွေနဲ့ ပြန်လိုက်ကစားခဲ့ရပြီး ဆီမီးဖိုင်နယ်ရောက်ခဲ့တာပါ။

မန်စီးတီးနဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာလည်း မိနစ် (၉၀) အထိ ပြိုင်ပွဲကထွက်ရပြီလို့ အားလုံးက ထင်ခဲ့ရပေမယ့် ရိုဒရီဂိုရဲ့ သွင်းဂိုးနှစ်ဂိုး၊ ဘန်ဇီမာရဲ့ သွင်းဂိုးတွေနဲ့အတူ ဗိုလ်လုပွဲ ရောက်သွားခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး ရီးရဲလ်မက်ဒရစ်ကို အားလုံးက ဥရောပရဲ့ လူရိုသေ၊ ရှင်ရိုသေ အသင်းအဖြစ် သတ်မှတ်ချီးကျူးနေကြပါတယ်။

ဒါပေမယ့် ဘာစီလိုနာဘက်တော်သားတွေကတော့ ရီးရဲလ်မက်ဒရစ်ကို အကောင်းမမြင်ကြသေးပါဘူး။ အခုတခါမှာလည်း အွန်နရီက “ဥရောပကလပ်အသင်းတိုင်းက ရီးရဲလ်မက်ဒရစ်ကို ကြောက်ကြပါတယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်က ဘာစီလိုနာကို ပြန်ကြောက်ရပါတယ်။ ပုဂ္ဂိုလ်ရေးအရဆိုရင် လီဗာပူးကပဲ ချန်ပီယံလိဂ်ဖလားကိုရမှာပါ”

“သူတို့က ရီးရဲလ်မက်ဒရစ်ထက် ပိုမိုသန်မာပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ အွန်နရီဟာ (၂၀၀၇) ကနေ (၂၀၁၀) အထိ ဘာစီလိုနာမှာ ကစားခဲ့ဖူးပြီး အသင်းအတွက် (၃၅) ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမားလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က