စွတ်မလုပ်နဲ့ မြောက်တက်သွားမယ်ဆိုတဲ့ပွဲကို ရီးရဲလ်မက်ဒရစ်က ထပ်ပြီး ကစားပြခဲ့တာပါ။ နှစ်သင်းလုံးရဲ့ လူစာရင်းမှာ ကက်စ်မဲရိုးနဲ့ဝေါ်လ်ကာတို့ ပါဝင်လာတာကလွဲရင် ပထမအကျော့က လူစာရင်းက ကြီးကြီးမားမား အပြောင်းအလဲမရှိပါဘူး။ မန်စီးတီးနောက်တန်းမှာ ဒီယက်စ်လည်း ပါဝင်လာခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကတော့ အလာဘာ မပါဝင်နိုင်တဲ့နေရာမှာ နာချိုပွဲထွက်ကစားခဲ့ပါတယ်။
ဗီနီရှပ်စ်က ဝေါ်လ်ကာ ပါလာတာကြောင့် လှုပ်ရခက်သွားခဲ့ပြီး ပထမပိုင်းမှာရတဲ့ အခွင့်အရေးတွေကိုလည်း ဘန်ဇီမာနဲ့ဗီနီရှပ်စ်တို့က လွယ်လွယ်ကူကူနဲ့ မိုးပေါ်ထောင်ကန်ခဲ့ကြပါတယ်။ မန်စီးတီးကတော့ ရီးရဲလ်မက်ဒရစ်ဘက်ကို အခြေအနေကြည့်တိုက်စစ်ဆင်နေပြီး ခံစစ်ကို ပိုပြီး ဂရုစိုက်ခဲ့ပါတယ်။ ဘာနာဒိုဆေးလ်ဗားက ကက်စ်မဲရိုးကို ပြန်ထောက်ထားပြီး တိုနီကရူးစ်လည်း ခြေသိပ်မပေါ်ခဲ့ပါဘူး။
ရီးရဲလ်မက်ဒရစ်ကွင်းလယ်မှာ မိုဒရစ်ပဲ အဓိကရုန်းကန်ခဲ့ရပြီး ဗီနီရှပ်စ်ကလည်း လှုပ်ရကျပ်နေသည့်တိုင် မန်စီးတီးနောက်တန်းကိုတော့ အလုပ်ရှုပ်စေခဲ့ပါတယ်။ ပထမပိုင်းမှာ ပိုင်ပိုင်နိုင်နိုင် အခွင့်အရေးတွေရခဲ့တာတော့ မန်စီးတီးဖြစ်ခဲ့ပြီး ဘာနာဒိုဆေးလ်ဗား၊ ဖိုဒန်တို့ရဲ့ ကန်ချက်တွေကို ကော်တိုအာ လက်စွမ်းပြကာကွယ်ခဲ့ရပါတယ်။
ဒုတိယပိုင်းစစချင်းမှာ ဗီနီရှပ်စ် အပိုင်အခွင့်အရေးရခဲ့ပေမယ့် အံ့အားသင့်ဖွယ်လွဲချော်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်တို့ နစ်နာခဲ့ရပါတယ်။ ဒုတိယပိုင်းက ပထမပိုင်းထက်တော့ နည်းနည်းလေးပိုမြိုင်လာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်က ဂိုးရဖို့အတွက် ပထမဆုံးပြင်ဆင်မှုအနေနဲ့ တိုနီကရူးစ်ကိုထုတ်ပြီး ရိုဒီရီဂိုကိုထည့်သွင်းကစားခဲ့ပါတယ်။ မန်စီးတီးဘက်ကလည်း ဝေါ်လ်ကာ ဒဏ်ရာပြန်ရသွားတာကြောင့် ဇင်ချန်ကို,ကိုထည့်၊ ကန်ဆယ်လိုကို ညာနောက်ခံလူနေရာ ရွှေ့ခဲ့ရပါတယ်။
ဒါ့အပြင် ဂွါဒီယိုလာက ဒီဘရိုင်းကိုပါထုတ်ပြီး ဂွန်ဒိုဂန်နဲ့ အပြောင်းအလဲလုပ်ခဲ့ပါတယ်။ ချက်ချင်းဆိုသလိုပဲ မန်စီးတီးတို့ ဦးဆောင်ဂိုးရရှိသွားခဲ့ပါတယ်။ ဘာနာဒိုဆေးလ်ဗား ကွင်းလယ်ကနေ လွတ်လွတ်ကျွတ်ကျွတ် ဆွဲပြေးပြီး ဖန်တီးပေးလိုက်တဲ့ ဘောလုံးကို တပွဲလုံးရုန်းကန်နေရတဲ့ မာရက်ဇ်က ထောင့်ဖြတ်အနေအထားကနေ ကော်တိုအာရဲ့ ထောင့်ကျဥ်းထဲ အပြင်းကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။
မာရက်ဇ်က ပထမအကျော့အိမ်ကွင်းမှာတုန်းက အပိုင်အခွင့်အရေးတွေ ဖြုန်းတီးပစ်ခဲ့တာကြောင့် ဝေဖန်ခံခဲ့ရပြီး ဒီပွဲရဲ့ ပွဲထွက်ကစားသမားစာရင်းမှာတောင် အသုံးမပြုဖို့ တိုက်တွန်းသံတွေရှိခဲ့တာပါ။ ဒါပေမယ့်လည်း အခုပွဲမှာတော့ အရေးပါတဲ့သွင်းဂိုးကို အကောင်းဆုံး အဆုံးသတ် သွင်းယူပေးခဲ့တာပဲဖြစ်ပါတယ်။
အဲ့ဒီနောက်မှာ ရီးရဲလ်မက်ဒရစ်က ကာမာဗင်ဂါ၊ အဆန်စီယိုတို့ကိုထည့်ပြီး ချေပဂိုးရဖို့ ကြိုးစားခဲ့ပါတယ်။ မန်စီးတီးကလည်း အန္တရာယ်ရှိတဲ့ ခြိမ်းခြောက်မှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။ ဂရီလစ်ရှ်ရဲ့ ထိုးဖောက်မှုကို မန်ဒီ ဂိုးစည်းပေါ်က ရှင်းထုတ်ခဲ့ရသလို ကန်ဆယ်လိုရဲ့ ကန်ချက်ကိုလည်း ကော်တိုအာ ကာကွယ်ခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ ရီးရဲလ်မက်ဒရစ်တို့ ချေပဂိုးတွေဆက်တိုက်ရရှိခဲ့ပါတယ်။
မိနစ် (၉၀) မှာ ဘန်ဇီမာရဲ့ ဖန်တီးပေးမှုကတဆင့် ချဲလ်ဆီးနဲ့ပွဲမှာ အခုလိုပဲ နောက်ကျဂိုးနဲ့ ကယ်တင်ခဲ့တဲ့ ရိုဒရီဂိုက ပိတ်သွင်းခဲ့ပြီး နောက်တမိနစ်အကြာမှာပဲ ကာဗာဟယ်လ်ရဲ့ ဖြတ်တင်ဘောကတဆင့် ရိုဒရီဂိုကပဲ ခေါင်းတိုက်သွင်းယူခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ငါးဂိုးစီသရေဖြစ်သွားခဲ့ပါတယ်။
ဒီလိုနဲ့ပဲ အချိန်ပို ဆက်ကစားခဲ့ရပြီး အချိန်ပိုစလို့ သိပ်မကြာခင်မှာပဲ ရီးရဲလ်မက်ဒရစ်တို့ အနိုင်ဂိုးရရှိခဲ့ပါတယ်။ ဘန်ဇီမာက သူ့ကြောင့်ရတဲ့ပင်နယ်တီကို သူကိုယ်တိုင်ပဲ တည်တည်ငြိမ်ငြိမ် ကန်သွင်းပြီး မန်စီးတီးတို့ ၃-၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
ချန်ပီယံလိဂ်ရှုံးထွက်လိုမျိုး၊ ဆီမီးလိုမျိုးအဆင့်တွေမှာ ဘယ်လိုကစားရမယ်ဆိုတာကို ရီးရဲလ်မက်ဒရစ်က ကောင်းကောင်းသိထားတယ်ဆိုတာ ထပ်ပြီး သက်သေပြခဲ့တဲ့ပွဲပါ။ ပီအက်စ်ဂျီ၊ ချဲလ်ဆီးတို့နဲ့ပွဲမှာလည်း အလားတူပုံစံမျိုးတွေမြင်တွေ့ခဲ့ရပြီး အခု မန်စီးတီးနဲ့ပွဲမှာလည်း တသဝေမတိမ်းဘဲ ထပ်ပြီးမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ ဦးဆောင်ခံထားရချိန်မှာ ရီးရဲလ်မက်ဒရစ်ရဲ့တုံ့ပြန်ပုံနဲ့ မန်စီးတီးရဲ့တုံ့ပြန်ပုံက တော်တော်လေး ကွာခြားခဲ့ပြီး သမ္ဘာက အဆုံးအဖြတ်ပေးခဲ့တာလည်းဖြစ်ပါတယ်။
ဂွါဒီယိုလာ ဒီဘရိုင်းကိုထုတ်လိုက်တာ၊ အန်ဆယ်လော့တီက ရိုဒရီဂိုကိုထည့်လိုက်တာကလည်း ဒီပွဲရဲ့အလှည့်အပြောင်းတွေဖြစ်လာမယ်လို့ ဘယ်သူမှထင်ထားခဲ့မှာ မဟုတ်ပါဘူး။ ရီးရဲလ်မက်ဒရစ်ကတော့ နှစ်ကျော့ပေါင်း ၆-၅ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲမှာတော့ ပြိုင်ဘက်ဟောင်း လီဗာပူးနဲ့ တကျော့ပြန် ထိပ်တိုက်တွေ့ရတော့မှာလည်းဖြစ်ပါတယ်။