ဥရောပတိုက်တစ်လွှား လတ်တလော ကူးစက်မှုများ မြင့်တက်နေစဥ် WHO ရဲ့ သတိပေးမှုရှိလာခဲ့ပါတယ်

ဥရောပက COVID-19 ကပ်ရောဂါ ဗဟိုချက်နေရာ ထပ်ဖြစ်လာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က သတိပေးလိုက်ပါတယ်။

ဥရောပတိုက်တစ်လွှား လတ်တလော ကူးစက်မှုများ မြင့်တက်နေစဥ် WHO ရဲ့ သတိပေးမှုရှိလာခဲ့တာလည်း ဖြစ်ပါတယ်။ ဥရောပတိုက်အတွင်း လာမယ့် ဖေဖေါ်ဝါရီလမှာ ကပ်ရောဂါကြောင့် နောက်ထပ် သေဆုံးသူ သန်းတစ်ဝက်ရှိလာနိုင်ကြောင်း WHO ဥရောပဆိုင်ရာ အကြီးအကဲ Hans Kluge က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ကူးစက်မှုတွေ မြင့်တက်လာရခြင်းဟာ ကာကွယ်ဆေးထိုးမှု မလုံလောက်တာကြောင့်လို့ ၎င်းကဆိုပါတယ်။



"ကျွန်တော်တို့ နည်းဗျူဟာပြောင်းရမယ်၊ COVID-19 ကူးစက်မှုမြင့်တက်လာတာကို တုံ့ပြန်ဆောင်ရွက်ရေးကနေ ပထမဆုံးနေရာမှာ ကူးစက်မှုမဖြစ်အောင် တားဆီးကာကွယ်ရေး နည်းဗျူဟာပြောင်းလဲရမယ်" လို့ Hans Kluge က ပြောပါတယ်။ လတ်တလော လပိုင်းအတွင်း ဥရောပတစ်ဝန်း ကာကွယ်ဆေးထိုးမှုနှုန်း နှေးကွေးနေခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Reuters)

စပိန်နိုင်ငံမှာ လူဦးရေ ၈၀ ရာခိုင်နှုန်းခန့် ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးဖြစ်ပေမဲ့ ပြင်သစ်နဲ့ ဂျာမနီမှာတော့ ကာကွယ်ဆေးထိုးပြီးသူအရေအတွက် နည်းနေသေးပြီး လူဦးရေ ၆၈ နဲ့ ၆၆ ရာခိုင်နှုန်း အသီးသီး ထိုးပြီးဖြစ်ပါတယ်။ ဥရောပအလယ်ပိုင်းနဲ့ အရှေ့ပိုင်း နိုင်ငံအချို့မှာလည်း ကာကွယ်ဆေးထိုးပြီးသူဦးရေ နည်းနေသေးတယ်လို့ ဆိုပါတယ်။

ကျွန်တော်တို့ နည်းဗျူဟာပြောင်းရမယ်၊ COVID-19 ကူးစက်မှုမြင့်တက်လာတာကို တုံ့ပြန်ဆောင်ရွက်ရေးကနေ ပထမဆုံးနေရာမှာ ကူးစက်မှုမဖြစ်အောင် တားဆီးကာကွယ်ရေး နည်းဗျူဟာပြောင်းလဲရမယ်

ရုရှားနိုင်ငံမှာ ပြီးခဲ့တဲ့ အောက်တိုဘာလအထိ လူဦးရေ ၃၂ ရာခိုင်နှုန်းမျှသာ ကာကွယ်ဆေးထိုးထားပြီး ဖြစ်ပါတယ်။ WHO ရဲ့ ဥရောပနယ်မြေမှာ အများပြည်သူဆိုင်ရာ ကျန်းမာရေးစည်းမျဥ်းတွေ ဖြေလျှော့ပေးခြင်းကလည်း COVID-19 ကူးစက်မှုများ မြင့်တက်လာရတဲ့ အကြောင်းရင်းတစ်ရပ်ဖြစ်တယ်လို့ Hans Kluge က ပြောခဲ့ပါတယ်။ WHO ရဲ့ ဥရောပနယ်မြေမှာ ဗဟိုအာရှ အစိတ်အပိုင်းများအပါအဝင် နိုင်ငံ ၅၃ နိုင်ငံ အကျုံးဝင်ပါတယ်။ WHO စာရင်းတွေအရ ထိုနယ်မြေအတွင်း COVID-19 ကြောင့် သေဆု့းသူ ၁.၄ သန်းရှိခဲ့ကြောင်း သိရပါတယ်။

(Photo: AP)

ပြီးခဲ့တဲ့ သီတင်းလေးပတ်အတွင်း ဥရောပတစ်ဝန်း ကူးစက်မှုနှုန်း ၅၅ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့တယ်လို့ WHO ရဲ့ COVID-19 တုံ့ပြန်ရေး နည်းစနစ်ဆိုင်ရာ အကြီးအကဲ Maria Van Kerkhove က ပြောပါတယ်။ ဂျာမနီမှာ ယနေ့ (နိုဝင်ဘာ ၅ ရက်) ထုတ်ပြန်ချက်အရ နေ့စဥ် ကူးစက်မှုအသစ် ၃၇,၀၀၀ ကျော်ရှိပြီး ဒုတိယမြောက်နေ့အဖြစ် အများဆုံး စံချိန်တင်ခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရုရှားမှာ ကပ်ရောဂါကြောင့် သေဆုံးသူ ၈,၁၀၀ ကျော်နဲ့ ယူကရိန်းမှာ ၃,၈၀၀ ရှိခဲ့ပါတယ်။ ထိုနှစ်နိုင်ငံလုံးဟာ ကာကွယ်ဆေးထိုးမှုနှုန်း နည်းနေသေးကြောင်း သိရပါတယ်။ ယူကရိန်းက ယနေ့ ထုတ်ပြန်ချက်အရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်မှုအသစ် ၂၇,၃၇၇ ခု တွေ့ရှိခဲ့ပါတယ်။

ရိုမေးနီးယားမှာလည်း ယခုသီတင်းပတ်အတွင်း နေ့စဥ် သေဆုံးမှုအရေအတွက် အများဆုံးဖြစ်လာပြီး လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ၅၉၁ ဦး သေဆုံးခဲ့ပါတယ်။ ဟန်ဂေရီမှာတော့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကူးစက်ခံရသူအရေအတွက် နှစ်ဆဖြစ်လာပြီး ၆,၃၆၈ ဦး ရှိလာခဲ့ပါတယ်။ ဟန်ဂေရီမှာ အများပြည်သူ သယ်ယူပို့ဆောင်ရေးနဲ့ ဆေးရုံတွေမှာသာ mask တပ်ရန် လိုအပ်တော့တယ်လို့ ဆိုပါတယ်။

(Photo: AP)

ဥရောပဒေသတွင်းရှိ နယ်သာလန်၊ လတ်ဗီးယား၊ ခရိုအေးရှား၊ ဆလိုဗက်ကီးယား၊ ချက်ရီပတ်ဘလစ်၊ အင်္ဂလန်တို့မှာလည်း ကူးစက်မှုနှုန်းတွေ မြင့်တက်လာခဲ့ပါတယ်။ ဥရောပရဲ့ ကာကွယ်ဆေးထိုးနှုန်း အမြင့်ဆုံးနိုင်ငံတွေမှာတော့ ကူးစက်မှုနှုန်း အတော်အတန် နည်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။ သို့သော် အသက် ၁၂ နှစ်အထက် ကာကွယ်ဆေးထိုးမှုနှုန်း အမြင့်ဆုံးဖြစ်တဲ့ အီတလီနိုင်ငံမှာပင် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကူးစက်မှုအသစ် ၁၆.၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။

ပေါ်တူဂီမှာလည်း နေ့စဥ် ကူးစက်မှုအသစ် အရေအတွက်က စက်တင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ် ၁,၀၀၀ အထက် ဖြစ်လာခဲ့ပါတယ်။ စပိန်နိုင်ငံကတော့ ကူးစက်မှုနှုန်း မြင့်တက်လာတာ မတွေ့ရတဲ့ ဥရောပနိုင်ငံအနည်းငယ်ထဲမှာ ပါဝင်နေပြီး ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၃ ရက်) မှာ ကူးစက်မှုအသစ် ၂,၂၈၇ ခု တွေ့ရှိခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က