ပင်နယ်တီအဆုံးအဖြတ်နဲ့ ဖရန့်ဖတ်တို့ ယူရိုပါလိဂ်ဖလား ဆွတ်ခူးခဲ့တာပါ။

နှစ်သင်းလုံးက အကောင်းဆုံးလူစာရင်းနဲ့ပဲ ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။ ရိန်းဂျားစ်က ရမ်ဆေးအရံခုံမှာပဲ ပါဝင်လာခဲ့ပြီး ပထမပိုင်းစစချင်း ဖရန့်ဖတ်က ကစားအားကောင်းကောင်းနဲ့ ရိန်းဂျားစ်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။ ခံစစ်ကနေ တိုက်စစ်ကူးပြောင်းတာတွေ ကောင်းမွန်ခဲ့ပြီး အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့သာ နစ်နာခဲ့ရတာပါ။



ပွဲကစားချိန် (၁၀) မိနစ်မပြည့်ခင်မှာတင် ဖရန့်ဖတ်အသင်းခေါင်းဆောင်ရိုဒီရဲ့ခေါင်းကို လမ်းစထရမ်း ကန်မိပြီး ရိုဒီခေါင်းကွဲသွားခဲ့ပေမယ့် ကွင်းလယ်ဒိုင်က အနီကတ်မပြခဲ့တာ ကံကောင်းပါတယ်။ ဖရန့်ဖတ်က ကာမာဒါ၊ ကနော့ဖ်တို့ရဲ့ ထိုးဖောက်ကန်သွင်းချက်တွေကို မက်ဂရီဂေါ် ကာကွယ်နိုင်ခဲ့ပြီး ပထမပိုင်းမှာတင် ဖရန့်ဖတ်က ပြိုင်ဘက်ဂိုးပေါက်ကို (၁၁) ကြိမ်ထိ ကန်သွင်းနိုင်ခဲ့ပါတယ်။

ရိန်းဂျားစ်ကတော့ ပထမပိုင်းပြီးခါနီးမှ ဖရန့်ဖတ်ကို တိုက်စစ်ပြန်ဆင်နိုင်ခဲ့ပြီး ပထမပိုင်းမှာတော့ ဂိုးမရှိသရေနဲ့သာ ပြီးဆုံးခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း ပြန်စတာနဲ့ ဖရန့်ဖတ်ကပဲ ရိန်းဂျားစ်ဘက်ကို ဆက်တိုက် တိုက်စစ်ဆင်ခဲ့ပါတယ်။ ဖရန့်ဖတ်က လင်းစထရောရဲ့ကန်ချက် နောက်တန်းနဲ့ထိပြီး ဂိုးဘေးကပ်ထွက်ခဲ့တာကြောင့်လည်း ဖရန့်ဖတ်တို့ နစ်နာခဲ့ရပါတယ်။

ရိန်းဂျားစ်က ဖရန့်ဖတ်ကို ဒီပွဲမှာ ကစားအား၊ ကြံ့ခိုင်မှုပိုင်းအရ မယှဥ်နိုင်ခဲ့ပါဘူး။ လိုက်ပ်ဇစ်နဲ့ ဆီမီးဖိုင်နယ် ပထမအကျော့မှာတုန်းက ဒါမျိုးမြင်တွေ့ခဲ့ရပြီး အခုဒီပွဲမှာလည်း ဖရန့်ဖတ်ရဲ့ ကစားအားအောက်မှာ ရိန်းဂျားစ်တို့ အတော်လေး ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း မထင်မှတ်ဘဲ ဦးဆောင်ဂိုးရခဲ့တာက ရိန်းဂျားစ်ဖြစ်ခဲ့ပါတယ်။

ပွဲကစားချိန် (၅၇) မိနစ်မှာ ရိန်းဂျားစ်တို့ မထင်မှတ်ဘဲရလာတဲ့အခွင့်အရေးကို အရီဘိုက ပိုင်ပိုင်နိုင်နိုင် အသုံးချပြီး ရိန်းဂျားစ်အတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးမှာ အရီဘိုနောက်ကို ပြေးလိုက်တဲ့ တျူတာ ဒဏ်ရာရသွားခဲ့ပြီး ဟာဆီဘီနဲ့ပါ လူစားလဲခဲ့ရပါတယ်။ ဒါပေမယ့် ပွဲကစားချိန် (၆၈) မိနစ်မှာ ဖရန့်ဖတ်တို့ ချေပဂိုးပြန်လည်ရရှိခဲ့ပါတယ်။

ကိုစတစ်ရဲ့ဖန်တီးပေးမှုကတဆင့် ဘော်ရီက ပိတ်သွင်းခဲ့တာဖြစ်ပြီး ဒီဂိုးမှာ ရိန်းဂျားစ်နောက်ခံလူ ဂိုလ်ဆင်ရဲ့ အမှားက တော်တော်လေးကြီးမားခဲ့ပါတယ်။ သူ့ရှေ့ကဖြတ်သွားတဲ့ဘောလုံးက အန္တရာယ်ရှိတဲ့ဇုန်ထဲကို ဦးတည်နေချိန်မှာ လွယ်လွယ်ကူကူ လွှတ်ပေးခဲ့တာပါ။ ဒီနောက်မှာတော့ နှစ်သင်းလုံးဂိုးထပ်မရတော့ဘဲ အချိန်ပို ဆက်ကစားခဲ့ရပါတယ်။

အချိန်ပိုမှာ ရိန်းဂျားစ်နောက်ခံလူ ဘတ်ဆေရဲ့အမှားကတဆင့် ဘော်ရီအပိုင်အခွင့်အရေးရခဲ့ပေမယ့် ဘတ်ဆေကပဲ ပြန်လည်ဟန့်တားနိုင်ခဲ့တာကြောင့် ဖရန့်ဖတ်တို့ ကံဆိုးခဲ့ရပါတယ်။ နှစ်သင်းလုံးကတော့ အချိန်ပိုမှာလည်း ကစားအားမချဘဲ ဂိုးရဖို့ ကြိုးစားခဲ့တာကြောင့် ပွဲကမြိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် နှစ်သင်းလုံးက ဂိုးကံခေခဲ့တာ၊ ရိန်းဂျားစ်ရဲ့အပိုင်အခွင့်အရေးကို ဖရန့်ဖတ်ဂိုးသမား ကီဗင်ထရပ်လက်စွမ်းပြခဲ့တာတွေကြောင့် ပင်နယ်တီအထိ ရောက်ရှိခဲ့ပါတယ်။



ပင်နယ်တီအဆုံးအဖြတ်မှာတော့ ရိန်းဂျားစ်က ရမ်ဆေးရဲ့ ကန်ချက်ကို ထရပ်ကာကွယ်နိုင်ခဲ့ပြီး ဖရန့်ဖတ်ကတော့ ပင်နယ်တီ ငါးလုံး,လုံးကိုဝင်အောင် ကန်သွင်းနိုင်ခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ် ၅-၄ ဂိုးနဲ့ ဖရန့်ဖတ်တို့ ယူရိုပါလိဂ်ချန်ပီယံဖြစ်ခဲ့ပါတယ်။ ဖရန့်ဖတ်ဟာ ချဲလ်ဆီး၊ ဗီလာရီးရဲလ်တို့နောက်ပိုင်း ယူရိုပါလိဂ်မှာ ရှုံးပွဲမရှိချန်ပီယံအဖြစ် အောင်ပွဲခံနိုင်တဲ့ အသင်းလည်း ဖြစ်လာခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က