ယူရိုပါလိဂ်အဖွင့်ပွဲမတိုင်ခင် အာတီတာက ပြောကြားခဲ့တာပါ။

အာဆင်နယ်နည်းပြ အာတီတာက အသင်းအနေနဲ့ ဥရောပအောင်မြင်မှုတွေနဲ့ ကာလရှည်ဝေးကွာနေတဲ့အပေါ် ပထမဆုံးချေဖျက်ပေးနိုင်တဲ့နည်းပြတယောက်ဖြစ်လိုကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။ အာဆင်နယ်ဟာ Cup Winners’ Cup ကို ဥရောပအောင်မြင်မှုအဖြစ် လွန်ခဲ့တဲ့ (၂၈) နှစ်က နောက်ဆုံးဆွတ်ခူးခဲ့ဖူးပြီး အဲ့ဒီနောက်ပိုင်းမှာတော့ ဥရောပဖလားတွေနဲ့ ကံမစပ်တော့တာဖြစ်ပါတယ်။



အာဆင်နယ်ဟာ နောက်ပိုင်းကာလတွေမှာ ချန်ပီယံလိဂ်တောင် ဝင်ခွင့်မရတော့ဘဲ ဒီရာသီမှာလည်း ယူရိုပါလိဂ်ပြိုင်ပွဲသာ ဝင်ရောက်ယှဥ်ပြိုင်ရမှာပါ။ ဒီလိုမျိုး အသင်းရဲ့ စံချိန်ဆိုးနဲ့ပတ်သက်လို့ အာတီတာက “(၂၈) နှစ်ဆိုတာက ရှည်လျားတဲ့အချိန်ကာလပါ။ ကျနော်က ဒီလိုမျိုးမကောင်းတဲ့ မှတ်တမ်းကို ဖျက်ဆီးပေးနိုင်မယ့် ပထမဆုံးနည်းပြတယောက်ဖြစ်ချင်ပါတယ်”

“ဒါပေမယ့် ကျနော်တို့ ယူရိုပါလိဂ်ပြိုင်ပွဲကို ကောင်းမွန်တဲ့နည်းလမ်း၊ ကျနော်တို့ရဲ့ အရှိန်ကို ထိန်းသိမ်းပြီး အစပြုဖို့ လိုအပ်ပါတယ်။ ကံဆိုးစွာနဲ့ပဲ ဒီနောက်ဆုံး (၂) ပတ်အတွင်း ကျနော်တို့မှာ အလှည့်ကျသုံးလို့ရတဲ့ ကစားသမားတွေ အများအပြားမရှိပါဘူး။ ဒဏ်ရာတွေကြောင့်လည်း ပါတာပေါ့။ ဒါပေမယ့် ယူရိုပါလိဂ်ပြိုင်ပွဲကလည်း ကျနော်တို့ အလေးအနက်ထားပြီး ကစားချင်တဲ့ပြိုင်ပွဲပါ”

“ဒီပြိုင်ပွဲမှာ ပါဝင်တဲ့ ပြိုင်ဘက်တွေက ကျနော်တို့ကို အခက်တွေ့စေနိုင်ပါတယ်။ ဒီတော့ အခုချိန်မှာ ကျနော်တို့ ပုံစံကောင်းပြပြီး အခု လာမယ့် ဇူးရစ်ချ်နဲ့အဖွင့်ပွဲကို အနိုင်ရအောင် ကစားရမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ အာဆင်နယ်ဟာ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့အသင်းတသင်းလည်းဖြစ်ပါတယ်။

ဒါပေမယ့် အာတီတာပြောသလိုပဲ သူတို့ရဲ့ ကစားသမားအင်အားနည်းပါးမှု၊ ဆောင်းရာသီမှာ ကမ္ဘာ့ဖလားရှိနေတဲ့နောက် ကလပ်အသင်းပွဲစဥ်တွေမှာ ပွဲကျပ်တွေများပြားနေမှုက အာဆင်နယ်ကို တချိန်မဟုတ် တချိန် အကြီးအကျယ် ဒုက္ခပေးလာနိုင်ဖွယ်ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က